မန္တလေးငလျင်ကြီးဒဏ်သင့် နေပြည်တော်ရှိ ပို့ ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှဝန်ထမ်းများယာယီနေထိုင်ရန် အမျိုးသားသဘာဝဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ခွဲဝေချထားပေးသည့် Container House များအားတည်ဆောက်လျက်ရှိရာ (၈၆၆)လုံးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ တည်ဆောက်နေမှုနှင့် တည်ဆောက်ပြီးသည့် Container House များ၌ ပို့ဆက်ဝန်ထမ်းများယာ ယီနေထိုင်နေမှုတို့ကို ဒု-ဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးမှ ဇူလိုင် ၆ ရက်ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။
Container House များဆောက်လုပ်ပြီးစီးမှု၊ ဝန် ထမ်းနှင့် မိသားစုများအတွက် သောက်ရေသုံးရေ ရရှိရေး၊ လျှပ်စစ်မီးရရှိရေးဆောင်ရွက်ထားရှိမှုတို့ကိုကြည့်ရှုစစ်ဆေးပြီး စားဖိုဆောင်များစနစ်တကျဆောက်လုပ်ရန်၊ မိလ္လာနှင့် အခြေခံလိုအပ်ချက်များ ပြည့်စုံမှုရှိစေရေးဆောင်ရွက်ပေးရန်၊ ဝန်ထမ်းများ ယာယီနေထိုင်လျက်ရှိသည့် နေရာများတွင် သီးပင်စားပင်များ စနစ်တကျစိုက်ပျိုးရန်မှာကြားသည်။
အိမ်ရာအလိုက် တည်မြဲအမိန့်ထုတ်ပြန်ရန်၊ ဝန်ထမ်းများ အေးချမ်းသာယာပျော်ရွှင်စွာနေထိုင်နိုင်ရေး လိုအပ်ချက်များကိုဆောင်ရွက်ပေးရန်၊ တပ်ဆင်တည်ဆောက်ရန် ကျန်ရှိနေသော Container House များကို သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန်နှင့် ပြောင်းရွှေ့ရန်ကျန်ရှိသော ဝန်ထမ်းများနှင့် မိသားစုဝင်များကို အမြန်ဆုံးနေရာချထားပေးနိုင်ရေးဆောင်ရွက်ရန်တို့ကိုလည်း မှာကြားခဲ့သည်။
ပို့ဆက်ဝန်ထမ်းများယာယီနေထိုင်နိုင်ရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ Container House (၈၇၁)ကိုခွဲဝေချထားပေးကာ နေပြည်တော်ဘူတာကြီး၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန နေပြည်တော်ရုံး(ရွာတော်)၊ ရုံးအမှတ် (၂)၊ ရုံးအမှတ်(၅)၊ နေပြည်တော်ဗဟိုစာတိုက်ကြီးနှင့် ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနေရာများတွင် ဆောက်လုပ်လျက်ရှိပြီး လက်ရှိအချိန်၌ (၈၆၆)လုံးတည် ဆောက်ပြီးစီးပြီဖြစ်သည်။
