ဒိန်းမတ်နိုင်ငံ ကြက်ခြေနီအသင်းက မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့်ဒေသ ကလေးငယ်များအတွက် စိတ်ပိုင်းဆိုင်ရာ အားပေးကူညီနိုင်မည့် အထောက်အကူပစ္စည်းများကို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတဆင့် ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ္စည်းများကို ငလျင်ဘေးဒဏ်သင့် ဒေသများဖြစ်သည့် နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း (အရှေ့ပိုင်း)နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့မှ ငလျင်ဘေးဒဏ်သင့် အိမ်ထောင်စုများမှ ကလေးငယ်များအတွက် ရည်ရွယ်ပေးအပ်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
ထိုပေးအပ်လှူဒါန်းပွဲကို ရန်ကုန်ရုံးခွဲတွင် ပြုလုပ်ခဲ့ရာ အသင်းအလုပ်အမှုဆောင်နှင့်အတူ လက်ထောက်အထွေထွေ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ငလျင်သင့်ဒေသများရှိ ကလေးငယ်များ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးအတွက် ကလေးပျော်စင်တာများကို ဆက်တိုက်ဖွင့်လှစ်ပေးလျက်ရှိသည်။