မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ကောင်းမှုတော်စေတီတော်မြတ်ကြီးအား မူလလက်ရာအတိုင်းပြန်လည်ပြင်ဆင်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇွန် ၁၀ ရက်က စစ်ကိုင်းမြို့ရှိ ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ပေးနေမှုများကိုကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။
နစက ဥက္ကဋ္ဌနှင့် ဇနီးတို့မှ ကောင်းမှုတော်စေတီတော်မြတ်ကြီးအား ဖူးမြှော်ကြည်ညိုပြီးနောက် ငလျင်ဒဏ်ကြောင့် ကောင်းမှုတော်စေတီတော်မြတ်ကြီးအတွင်းပိုင်း၊ အပြင်ပိုင်းနှင့် စောင်းတန်းများ၊ သာသနိကအဆောက်အဦများ၌ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့မှု၊ အပျက်အစီးများဖယ်ရှားရှင်းလင်းထားမှု၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုတို့ကိုကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် နစက ဥက္ကဋ္ဌမှ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများကို မူလလက်ရာအတိုင်းပြန်လည်ပြင်ဆင်ရန်၊ မေတ္တာကန်ပတ်လည်၌ အရိပ်ရပင်များကို အတန်းလိုက်၊ အကန့်လိုက် စိုက်ပျိုးရန်၊ ဘုရားစေတီများရှိစောင်းတန်းများတွင် ဘုရားဖူးလာသူများ စိတ်အေးချမ်းသာစွာနားနေနိုင်ရေးဆောင်ရွက်ပေးရန်တို့ကို မှာကြားခဲ့သည်။
ထိုသို့ မှာကြားပြီးနောက် နစက ဥက္ကဋ္ဌနှင့် ဇနီးတို့မှ ကောင်းမှုတော်စေတီတော်မြတ်ကြီးအတွက် ဘက်စုံစုပေါင်းအလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များက လက်ခံရယူခဲ့ကြသည်။