ဂျာမဏီနိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှု ရန်ပုံငွေ ယူရို ၄ ဒဿမ ၅ သန်းကိုလှူဒါန်းထားကြောင်း ဂျာမဏီသံရုံး(ရန်ကုန်)၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဂျာမနီနိုင်ငံသည် မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု MHF အတွက် ၂၀၂၃ ခုနှစ်တွင် အများဆုံးထည့်ဝင်ပံ့ပိုးသည့် နိုင်ငံများထဲမှ တစ်နိုင်ငံအနေဖြင့် ယူရို ၄.၅ သန်းကို ပံ့ပိုးထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးတာဝန်ခံ အကြီးအကဲ York Schuegraf နှင့် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ ယာယီအကြီးအကဲဖြစ်သူ Danielle Parry တို့သည် မကြာသေးခင်က တွေ့ဆုံခဲ့ကြပြီး နိုင်ငံတွင်း တစတစ တိုးမြင့်လာသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။
ထို့အပြင် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အမှန်တကယ် လိုအပ်နေသည့် ပြည်သူများထံ ရောက်ရှိနိုင်စေရန်အတွက် ရန်ပုံငွေများကို အကျိုးရှိရှိ စီမံအသုံးချနိုင်ရန် အခိုင်အမာ ပြောကြားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိန်ခေါ်မှုများကို ကူညီဖြေရှင်းနိုင်ရန်အတွက် ယခုလို ပံ့ပိုးပေးခြင်းဖြစ်ပြီး ရန်ပုံငွေအများဆုံး ထည့်ဝင်သည့်နိုင်ငံဖြစ်ကာ ယခုနှစ်တွင်လည်း ထပ်မံပံ့ပိုးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Photo-UNOCHA Myanmar