တိုကျို၊ မေလ ၁၆ ရက်
ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်း၊ မိယာဂိခရိုင်ရှိ အိုနာဂါဝါ နျူကလီးယားစွမ်းအင်စက်ရုံ၏ တာဘိုင်အဆောက်အအုံအတွင်း ရေဒီယိုသတ္တိကြွ ရေနွေးငွေ့များ တွေ့ရှိရသဖြင့် ၎င်းစက်ရုံ၏ အမှတ် (၂) ဓါတ်ပေါင်းဖိုကို ရပ်တန့်သွားမည်ဖြစ်ကြောင်း စက်ရုံလည်ပတ်ရေးအဖွဲ့က သောကြာနေ့တွင် ပြောကြားခဲ့သည်။
သောကြာနေ့ ဒေသစံတော်ချိန် ညနေ ၅:၁၀ နာရီခန့်တွင် အမှတ် (၂) ဓါတ်ပေါင်းဖို၏ တာဘိုင်အဆောက်အအုံအတွင်း ရေဒီယိုသတ္တိကြွ ရေနွေးငွေ့ အနည်းငယ်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း Tohoku Electric Power ကုမ္ပဏီက ဆိုသည်။ သို့သော် အဆိုပါ ရေဒီယိုသတ္တိကြွပစ္စည်းများသည် ပတ်ဝန်းကျင်သို့ ယိုစိမ့်ထွက်သွားခြင်း မရှိကြောင်းနှင့် စစ်ဆေးမှုများ ပြုလုပ်ရန်အတွက်သာ လုပ်ငန်းရပ်တန့်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဖြည့်စွက်ပြောကြားခဲ့သည်။
ထို့ပြင် အဆိုပါဖြစ်စဉ်သည် သောကြာနေ့ညပိုင်းက ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် ပမာဏ ၆.၄ အဆင့်ရှိ ငလျင်နှင့် ဆက်စပ်မှုတစ်စုံတစ်ရာ မရှိကြောင်းလည်း ကုမ္ပဏီက တုံ့ပြန်ခဲ့သည်။
စက်ရုံရှိ အမှတ် (၂) ဓါတ်ပေါင်းဖိုသည် ပုံမှန်စစ်ဆေးမှုများပြုလုပ်ရန် ယခင်က လုပ်ငန်းရပ်နားထားခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် တနင်္လာနေ့မှသာ ပြန်လည်လည်ပတ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းဓါတ်ပေါင်းဖို၏ စီးပွားဖြစ်လုပ်ငန်းများကို ဇွန်လ ၉ ရက်တွင် ပြန်လည်စတင်ရန် လျာထားခဲ့ခြင်း ဖြစ်သည်။
Ref: ရှင်းဟွာ
