အနုပညာလုပ်ငန်းများကို ထိခိုက်စေရန် ၊ ဂုဏ်သိက္ခာ ကျဆင်းစေရန် တမင်ရည်ရွယ်၍ မဟုတ်မမှန် သတင်းနှင့် စာများကို လူမှုကွန်ယက်တွင် ပြောဆိုရေးသားခြင်းများ ပြုလုပ်ပါက တရားစွဲဆိုသွားမည်ဟု အဆိုတော်ပိုပို က နိုင်ငံပိုင်သတင်းစာမှ တစ်ဆင့် ကြေညာသည်။
ကြေညာချက်တွင် ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်၊ (၁၄/၃)ရပ်ကွက်၊ ယင်းမာ(၂)လမ်း၊ အမှတ်(၁၃၄/ခ)တွင် နေထိုင်သူ ဒေါ်ဝတ်ရည်မိုး(ခ)အဆိုတော်ပိုပို၏ လွှဲအပ်ညွှန်ကြားချက်အရ အများသိစေရန်အသိပေး ကြေညာအပ်သည်ဟု အဆိုတော်ပိုပို၏ ရှေ့နေဖြစ်သူက ကြေညာခြင်း ဖြစ်သည်။
ကြေညာချက်တွင် ကျွန်ုပ်၏မိတ်ဆွေဖြစ်သူ ဒေါ်ဝတ်ရည်မိုး(ခ)အဆိုတော်ပိုပိုသည် နိုင်ငံကျော်တေးသံရှင် တစ်ဦးဖြစ်ပြီး တေးသီချင်းများစွာကို သီဆိုလျက်ရှိသည်ဟု ဆိုသည်။
ထို့အတူ အနုပညာဂီတလောကတွင်ဖြစ်စေ၊ ၎င်း၏ လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင်ဖြစ်စေ အမည်ကောင်းသတင်းဖြင့် ဂုဏ်သိက္ခာရှိစွာရပ်တည်နေသူတစ်ဦးဖြစ်သည်ဟုလည်း ဖော်ပြကြေညာသည်။
ထို့ကြောင့်ဒေါ်ဝတ်ရည်မိုး(ခ) အဆိုတော်ပိုပိုနှင့် ၎င်း၏လူမှုပတ်ဝန်းကျင်တို့ကို ထိခိုက်နစ်နာစေမှန်း သိလျက်နှင့် အသရေပျက်စေရန်၊ ဂုဏ်သိက္ခာ ကျဆင်းစေရန်၊ ၎င်း၏အနုပညာလုပ်ငန်းကိစ္စများကို ထိခိုက်စေရန် တမင်ရည်ရွယ်၍ မဟုတ်မမှန် သတင်းနှင့် စာများကို (Facebook၊ Tiktok) အစရှိသည့် Social Media များကိုအသုံးပြု၍သော်လည်းကောင်း၊ လူမှုပတ်ဝန်းကျင်မှဖြစ်စေ၊ ပြောဆိုရေးသားခြင်းများ လုံးဝ(လုံးဝ)မပြုလုပ်ရန် ပါရှိသည်။
ထိုကဲ့သို့ပြုမူပြောဆိုရေးသားခြင်းများကို တွေ့ရှိပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်သူများနှင့် အများသိစေရန် အသိပေးကြေညာထားခြင်း ဖြစ်သည်။
