ဒေသခံပါလက်စတိုင်းများ ကို အခြားနေရာများတွင် ပြန်လည်နေရာချထားပြီး ဂါဇာကမ်းမြောင်ကို အမေရိက,က ထိန်းချုပ်ကာ စီးပွားရေးကိုဖွံ့ဖြိုးတိုးတက်စေမည့် စီမံကိန်းများကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အင်္ဂါနေ့တွင် ကြေငြာလိုက်ရာ ဆယ်စုနှစ်ချီကြာမြင့်ပြီဖြစ်သော အစ္စရေး-ပါလက်စတိုင်းဆိုင်ရာ အမေရိက၏ မူဝါဒကို ပျက်စီးသွားနိုင်သည့် အခြေအနေဖြစ်စေသည်။
အမေရိကသို့ ရောက်ရှိနေသော အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ထရမ့်ပ်က သူ၏ အံ့အားသင့်ဖွယ်အစီအစဉ်ကို အသေးစိတ်အချက်များကို မဖေါ်ပြဘဲ ထုတ်ဖော်ပြောဆိုခဲ့သည်။
ဂါဇာရှိ ပါလက်စတိုင်းများကို အိမ်နီးချင်း အာရပ်နိုင်ငံများသို့ ထာဝရ ပြန်လည်နေရာချထားရေးအစီအစဉ်တစ်ရပ်ကို အင်္ဂါနေ့အစောပိုင်းတွင် ထရမ့်ပ်က အဆိုပြုခဲ့ပြီးနောက် ယခုကြေညာချက်ထွက်လာခြင်းဖြစ်သည်။ ဂါဇာကမ်းမြောင်ဒေသကို “ေဖါက်ခွဲဖျက်ဆီးရေးနယ်မြေ” တစ်ခုဟုလည်း ထရမ့်ပ်က သုံးနှုန်းသွားသည်။
ဂါဇာကမ်းမြောင်ကို အမေရိကန်ပြည်ထောင်စုက သိမ်းယူသွားမှာဖြစ်ကြောင်း၊ ထိုဒေသကို ပိုင်ဆိုင်ပြီးပါက အန္တရာယ်ရှိသော မပေါက်ကွဲသေးသည့် ဗုံးများနှင့် အခြားလက်နက်များအားလုံးကို ဖျက်သိမ်းရန် တာဝန်ရှိမှာဖြစ်ကြောင်း သူက ပြောဆိုခဲ့သည်။
“လိုအပ်ရင် အဲဒါကို လုပ်ပါမယ်၊ အဲဒီအပိုင်းကို သိမ်းယူမယ်၊ ဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်၊ အလုပ်အကိုင်ပေါင်း ထောင်နဲ့ချီ ဖန်တီးမယ်၊ ပြီးရင်တော့ အရှေ့အလယ်ပိုင်းတစ်ခုလုံးက အရမ်းဂုဏ်ယူရလောက်တဲ့ အရာတစ်ခုဖြစ်လာမှာပါ” ဟု ထရမ့်ပ်က ဆက်လက် ပြောဆိုခဲ့သည်။
ယင်းနေရာတွင် ဘယ်သူတွေနေမည်လဲဆိုသော အမေးကို “ကမ္ဘာ့လူသားတွေရဲ့ အိမ်တစ်ခုဖြစ်လာနိုင်ပါတယ်” ဟု ထရမ့်ပ် ပြန်လည်ပြောဆိုခဲ့သည်။
နေတန်ယာဟုက ထရမ့်ပ်သည် ဆန်းသစ်သော စိတ်ကူးများနှင့် ဖြန့်ထွက် တွေးတောသူဖြစ်ပြီး သမားရိုးကျ တွေးခေါ်မှုကို ထိုးဖောက်လိုသည့် စိတ်ဆန္ဒကို ပြသနေသည်ဟု ပြောဆိုခဲ့သည်။
Ref: သည်အီကော်နောမစ်တိုင်းမ်စ်