မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့တွင် ဖုန်းလုယက်သူ (၂) ဦးကို ပြည်သူများဖမ်းဆီးရမိမှု ယနေ့ ဩဂုတ်လ (၃၀) ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ချမ်းအေးသာစံမြို့နယ်၊ (၈၄)လမ်းနှင့် (၈၂) လမ်းကြား၊ (၃၃)လမ်းပေါ်တွင် ယနေ့ နံနက်ပိုင်းက ဖုန်းလုယက်ပြီး ထွက်ပြေးသည့် အမျိုးသားနှစ်ဦးကို အနီးအနားရှိ ပြည်သူများက ရိုက်နှက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဖုန်းလုယက်သူများမှာ အသက် (၂၅) နှင့် (၃၀) အရွယ်ရှိ အမျိုးသား (၂) ဦးဖြစ်ပြီး ပြည်သူများ၏ ဖမ်းဆီးမှုကြောင့် ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။
“သူတို့ လာတာက ၃ ယောက်၊ ၂ ယောက်မိပြီး။ တစ်ယောက် လွတ်သွားတယ်။ ဆေးရုံမှာ ဆေးကုပေးပြီး တစ်ခါတည်း ရဲစခန်းပို့လိုက်တာ။”ဟု မဏီစလလူမှုကူညီရေးအသင်း(မန္တလေး)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ထို့ကြောင့် “မဏီစလ”လူမှုကူညီရေးအသင်းမှမန္တလေး ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့၀င်များက လိုအပ်သည်အရေးယူမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ – “မဏီစလ”လူမှုကူညီရေးအသင်း