ချန်ပီယံဖလားကာကွယ်ရန် ကြိုးစားလာမည့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနှင့် ဖလားဝေးကွာနေမှုကို အဆုံးသတ်ရန် ကြိုးစားလာမည့် ရန်ကုန်ယူနိုက်တက်အသင်းတို့၏ ဗိုလ်လုပွဲစဉ်အတွက် အထူးတန်း လက်မှတ်တစ်မျိုးတည်းသာရောင်းချပေးမည်ဟု ယနေ့တွင် မြန်မာနေရှင်နယ်လိဂ် ကော်မတီက အသိပေးထားသည်။
ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့၏ ယခုနှစ် မြန်မာနေရှင်နယ်လိဂ် ချန်ပီယံဖလား နောက်ဆုံးဗိုလ်လုပွဲစဉ်ကို ဇူလိုင် ၆ ရက် ညနေ ၃နာရီခွဲအချိန်၌ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းအတွင်း ယှဉ်ပြိုင်ကစားကြတော့မည်ဖြစ်သည်။
ထို့ကြောင့် ကြိုတင်လက်မှတ်များကို ယနေ့ ဇူလိုင် ၃ မှစတင်၍ သုဝဏ္ဏဘော လုံးကွင်း ပထမထပ်ရှိ မြန်မာနေရှင်နယ်လိဂ်ရုံးခန်းတွင် နံနက် ၁၁နာရီမှ ညနေ ၄ နာရီအတွင်း လာရောက်ဝယ်ယူနိုင်ကာ လက်မှတိတစ်စောင်လျှင် ကျပ် ၃,၀၀၀ သတ်မှတ်ထားကြောင်း သိရသည်။
MNL League Cup 2025 ဗိုလ်လုပွဲစဉ်အား ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ဗိုလ်စွဲမည်ဆိုပါက ပထမဆုံးသော နှစ်နှစ်ဆက် ချန်ပီယံသမိုင်းမှတ်တမ်အသစ်ကို ရေးထိုးသွားနိုင်မည်ဖြစ်သည်ဟု အသင်းက ဆိုထားသည်။
လက်ရှိ ချန်ပီယံ ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့သည့် ပြည်တွင်း ဘောလုံးကလပ်များအနက် စုဖွဲ့မှုအားကောင်းသည့် အသင်းများဖြစ်ကာ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံဖလားရရှိရေးအတွက် နှစ်စဉ် ဗိုလ်လုပွဲ၌ ထိပ်တိုက်ဆုံတွေ့နေကြသည့် အသင်းများဖြစ်သည်။
