Digital ခေတ်၊ ICT ခေတ်၊ AI ခေတ်ဖြစ်သည့်အတွက် ခေတ်ကာလလိုအပ်ချက်နှင့် ကိုက်ညီသော လူ့စွမ်းအားအရင်းအမြစ်များ၊ ကျင့်ဝတ်သိက္ခာနှင့် ပြည့်စုံသော အင်ဂျင်နီယာပညာရှင်များ၊ ဗိသုကာပညာရှင်များ မွေးထုတ်ပေးရန် လိုအပ်ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဒေါက်တာ မျိုးသိန်းကျော်က ပြောသည်။
မန္တလေးတိုင်းဒေသကြီးရှိ မန္တလေးနည်းပညာတက္ကသိုလ်နှင့် အစိုးရနည်းပညာကောလိပ် (မန္တလေး) သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
တက္ကသိုလ်များအနေဖြင့် အရည်အသွေးပြည့်ဝသော လူ့စွမ်းအား အရင်းအမြစ်များ ပြုစုပျိုးထောင်ပေးရန်နှင့် နိုင်ငံတော်အတွက် လိုအပ်သောနည်းပညာများ ဖွံ့ဖြိုးတိုးတတ်ရေးကို ထောက်ပံ့ဆောင်ရွက်ပေးရန် အဓိကအရေးကြီးကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ယင်းနောက် ဇွန်လဆန်းတွင် တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးစာသင်ခန်းများ၊ ကွန်ပျူတာခန်းများနှင့် Lab ခန်းများ၊ အလုပ်ရုံများအဆင်သင့်ဖြစ်စေနိုင်ရေးနှင့် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေး၊ သင်ကြားသင်ယူမှုဝန်းကျင်ကောင်းများ ဖြစ်စေရေးလိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။