တပ်မတော်မှ ကျောက်မဲမြို့အားပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ဒေသခံများအတွက် ဆန်၊ ဆီနှင့် စားသောက် ကုန်ပစ္စည်းများထောက်ပံ့ပေးနိုင်ရန်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ အောက်တိုဘာ ၃ ရက်တွင်လည်း ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ကုန်များထပ်မံရောက်ရှိလာခဲ့ကြောင်း သိရသည်။
အဆိုပါ စားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန် (၅၀၀)အိတ်၊ ဆီ(၅၀၀)ပိဿာ၊ ဆား(၅၀၀)ပိဿာနှင့် စားသောက်ကုန်များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှပေးပို့လှူဒါန်းခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးအဖွဲ့ဝင်များက ဒေသခံများထံ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ထို့ပြင် လုံခြုံရေးအဖွဲ့ဝင်များက ကျောက်မဲမြို့ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းဝန်းအတွင်း/အပြင် ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရန် ရေနုတ်မြောင်းများတူးဖော်ပေးခြင်း၊ စာသင်ခန်းများအား သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ထို့အတူ လုံခြုံရေးအဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးတာဝန်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
