ဂျာမနီနိုင်ငံ အနောက်ဘက်ခြမ်းရှိ ကျောက်မီးသွေးတွင်းတစ်ခုအား ချဲ့ထွင်ရန်အတွက် မကြာမီဖျက်ဆီးခံရတော့မည့် Luetzerath ရွာကလေးမှ ရာသီဥတုဆိုင်ရာ တက်ကြွလှုပ်ရှားသူများကို ရဲတပ်ဖွဲ့က ယနေ့တွင် စတင်ရှင်းလင်းပြီဖြစ်ကြောင်း သိရသည်။
ဗုဒ္ဓဟူးနေ့က Luetzerath ၏ ရွာငယ်လေးအတွင်းသို့ ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်လာစဉ် ရွာသားများက ကျောက်ခဲများနှင့် မီးရှူးမီးပန်းအချို့ ဖြင့် ပစ်ပေါက်ခြင်းကို ရဲတပ်ဖွဲ့ဝင်များ ခံခဲ့ကြရသည်။
ရဲများကို ထိုသို့တိုက်ခိုက်မှုများသည် “မကောင်းပါ” ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Andreas Mueller က ဆိုသော်လည်း ယခုတွင်မူ ဆန္ဒပြမှုအများစုမှာ ငြိမ်းချမ်းသွားပြီဟု သူကမှတ်ချက်ပြုခဲ့သည်။
ရဲတပ်ဖွဲ့သည် မိမိတို့ဆန္ဒအလျောက် ရွာမှထွက်ခွာသွားသည့် တက်ကြွလှုပ်ရှားသူများကို ခွင့်ပြုပေးခြင်းဖြင့် နောက်ထပ်ရဲအရေးယူမှုများ တိုးမြင့်လာမှုကို ရှောင်ရှားရန် ကြိုးပမ်းရာတွင် ရဲတပ်ဖွဲ့၏ နည်းဗျူဟာအတိုင်း အဆင့်ဆင့် လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
“ဒီနေ့ အရမ်းကြောက်တယ်” ဟု ဒေသခံ အသက် ၅၃ နှစ်အရွယ် Petra Mueller က လက်ကျန်အိမ်အနည်းငယ်ထဲမှ တစ်ခု၏အပေါ်ထပ်ပြတင်းပေါက်မှ အော်ဟစ်ပြောကြားခဲ့သည်။ သူတို့သည် Luetzerath ရွာကလေး၏အကြွင်းအကျန်များကို ထိန်းသိမ်းစောင့်ရှောက်ရန် မျှော်လင့်ချက်ကိုမူ ဆက်လက်ဆုပ်ကိုင်ထားဆဲဖြစ်ကြောင်းကိုလည်း Mueller ကပြောသည်။
ရွာအနီးရှိ Garzweiler ကျောက်မီးသွေးတွင်းကို ချဲ့ထွင်ရန်အတွက် Luetzerath ရွာကလေးကို ဖျက်ဆီးခြင်းသည် ဖန်လုံအိမ်ဓာတ်ငွေ့ အမြောက်အမြား ထုတ်လွှတ်မှု ဖြစ်ပေါ်စေသည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက ပြောသည်။ သို့ရာတွင် ဂျာမနီနိုင်ငံ၏ စွမ်းအင်ဖူလုံရးကို သေချာစေရန်အတွက် ကျောက်မီးသွေး လိုအပ်ကြောင်း အစိုးရနှင့် တူးဖော်ရေးကုမ္ပဏီ RWE တို့က တုန့်ပြန်ပြောဆိုခဲ့ကြသည်။







