ရှမ်းပြည်နယ် မြောက်ပိုင်းမှ မန္တလေးမြို့သို့ သွားလာနေရသော လမ်းပိုင်းတစ်ခုဖြစ်သည့် ကျောက်ဂူ-နမ့်လန်လမ်းအား သက်ဆိုင်ရာလမ်းပိုင်းအဖွဲ့အစည်းများမှ ပြုပြင်ပေးရန် လိုအပ်နေပြီး ကုန်ကျမှုအတွက် ယာဉ်မောင်းများက သင့်တင့်သောနှုန်းဖြင့် မျှဝေကျခံသွားမည်ကြောင်း ဒေသတွင်းယာဉ်မောင်းတစ်ဦးက ယနေ့ ဇူလိုင် (၁၆) ရက်တွင် ပြောကြားသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသတွင်းခရီးသွားများမှာ အဆိုပါ ကျောက်ဂူ – နမ့်လန် လမ်းပိုင်းအား အသုံးပြုနေကြရပြီး မိုးရွာသွန်းခြင်းများကြောင့် လမ်းပိုင်းမှာ ဆိုးရွားစွာပျ-က်ဆီးလျှက်ရှိသည်ဟု ဆိုသည်။
“မန္တလေးကနေ ရှမ်းပြည်နယ်မြောက်ပိုင်းကို အတက်အဆင်း သွားလာတဲ့အခါမှာ နမ့်လန် – ကျောက်ဂူ လမ်းပိုင်းက အရေးပါတယ်။ ခရီးတိုပြီး နေ့ချင်းရောက်နိုင်တယ်။ အခက်အခဲဖြစ်နေတဲ့ ကျောက်ဂူ-နမ့်လန်ကြားလမ်းဆိုးနေရာတွေကို အကြီးစားပြုပြင်ကူညီပေးကြဖို့ သက်ဆိုင်ရာလမ်းပိုင်းအဖွဲ့အစည်းကို မေတ္တာရပ်ခံတောင်းဆိုပါတယ်။ ကုန်ကျတာအတွက်ယာဉ်မောင်းတွေကလည်းသင့်တင့်တဲ့ နှုန်းမျှဝေကျခံဖို့အသင့်ရှိပါတယ်” ဟု ဆိုသည်။
ယင်းလမ်းပိုင်းအတွင်း ကားကြီးကားငယ်များ ဗွက်နစ်၍ထွန်စက်ဖြင့်ဆွဲရခြင်း၊ လမ်းချော်၍ တိမ်းမှောက်ခြင်း! ယာဉ်ပျ-က်စီးမှုဖြစ်ရခြင်း၊ ယာဉ်ကြောပိတ်ဆို့မှုဖြစ်ကာ ညအိပ်စောင့်ဆိုင်းသွားလာရခြင်းစသည့် အခက်အခဲမျိုးစုံကြုံတွေ့နေရကြောင်း ဆိုသည်။
