ကုန်ထုတ်လုပ်မှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၏ ကျောရိုးမဏ္ဍိုင်ဖြစ်သည်ဟု နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောမှ ယနေ့ အောက်တိုဘာ ၃ ရက်မွန်းလွဲပိုင်းကကျင်းပသည့် စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေး(၁/၂၀၂၅)တွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် သဘာဝသယံဇာတပေါကြွယ်ဝပြီး ငယ်ရွယ်နုပျိုသည့် လူသားအရင်းအမြစ်များရှိပြီး ရေမြေသဘာဝကောင်းမွန်၍ ကျယ်ဝန်းသည့်စိုက်ပျိုးမြေများလည်းရှိကာ စက်မှုဇုန်များဖွံ့ဖြိုးတိုးတက်ရေးမှာလည်းအဓိကပါဝင်နေ၍ မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးထွက်ကုန် ကုန်ကြမ်းထုတ်လုပ်သည့်အဆင့်မှ Value Added တန်ဖိုးမြှင့်ကုန်ပစ္စည်းထုတ်လုပ်သည့် အဆင့်သို့တက်လှမ်းနိုင်ရန်လိုသည်ဟု ပြောသည်။
” ကုန်ထုတ်လုပ်မှုဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးရဲ့ ကျောရိုးမဏ္ဍိုင်ဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်ရဲ့ကုန်ထုတ်စွမ်းအားကိုမြှင့်တင်ဖို့နဲ့ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့အတွက် ခေတ်အဆက်ဆက်ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်”ဟု နိုင်ငံတော်ဝန်ကြီးချုပ်က ပြောသည်။
ထို့ကြောင့် ကုန်ထုတ်လုပ်မှုတိုးမြှင့်စေရန် ခေတ်မီနည်းပညာသုံးစွဲခြင်းကိုအားပေးကာ ပြည်တွင်းထုတ်ကုန်များ၏ စံချိန်စံညွှန်းနှင့် အရည်အသွေးကို နိုင်ငံတကာအဆင့်မီစေရန်သတ်မှတ်ပြဋ္ဌာန်း၍ အရည်အသွေးထိန်းချုပ်ခြင်း၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဖန်တီးနိုင်ရန် အထောက်အပံ့များပေးရမည်ဟု ပြောသည်။
ထို့အတူ လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် အသက်မွေးဝမ်းကျောင်းပညာရေးစနစ်များတိုးမြှင့်ပေးခြင်း၊ လုပ်ငန်းခွင်စွမ်းရည်မြှင့်သင်တန်းများဖန်တီးပေးခြင်း၊ အလုပ်သမားများ၏ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် သင့်လျော်သည့်လုပ်ခလစာကို အာမခံပေးခြင်းဖြင့် စိတ်ဓာတ်နှင့် ကုန်ထုတ်စွမ်းအားကိုမြှင့်တင်ပေးရမည်ဟု ပြောသည်။
မြန်မာနိုင်ငံတွင် စက်မှုဇုန်(၂၈)ခု၊ စက်မှုရပ်ကွက်(၅)ခု နှင့် တည်ထောင်ဆဲစက်မှုဇုန်စီမံကိန်း(၂)ခုရှိ၍ စက်မှုဇုန်များကိုအဆင့်မြှင့်တင်ခြင်းဖြင့် နိုင်ငံတော်၏စက်မှုကဏ္ဍကို ဖွံ့ဖြိုးတိုးတက်လာအောင်ဆောင်ရွက်ရမည်ဖြစ်ကာ နိုင်ငံတော်၏ ထုတ်ကုန်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်မှုအပေါ် များစွာမူတည်သဖြင့် အသစ်ဖော်ဆောင်မည့်စက်မှုဇုန်များ စနစ်တကျဖော်ဆောင်နိုင်ရေးအပြင် တည်ထောင်ပြီး စက်မှုဇုန်များကိုလည်း စနစ်တကျဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရမည်ဟု နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
