၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၇)ရက်တွင် တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ အစည်းအဝေးနှင့် ပြပွဲကျင်းပရေးစင်တာ (Convention & Exhibition Center – COEX) ၌ ကျင်းပသည့် ကိုရီးယားသွင်းကုန်ပြပွဲ ၂၀၂၅ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာသံအမတ်ကြီး တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
အဆိုပါ ကိုရီးယား သွင်းကုန်ပြပွဲသည် ကိုရီးယားနိုင်ငံ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ကိုရီးယားနိုင်ငံသွင်းကုန်တင်သွင်းသူများအသင်း (Korea Importers Association – KOIMA) တို့မှ ကြီးမှူးကာ နှစ်စဉ်ကျင်းပသည့်ပြပွဲဖြစ်ပြီး ယခုနှစ်ကျင်းပသည့် ပြပွဲသည် (၂၂) ကြိမ်မြောက် ပြပွဲဖြစ်သည်။
ပြည်ပနိုင်ငံများမှ ထုတ်ကုန်များ၊ ပို့ကုန်ပစ္စည်းများကို ကိုရီးယားနိုင်ငံရှိ သွင်းကုန်တင်သွင်းသူများနှင့် Korea Importers Association – KOIMA အဖွဲ့ဝင် ကုမ္ပဏီများအား မိတ်ဆက်ပေးရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြပွဲတွင် ပြည်ပနိုင်ငံများမှ ပို့ကုန်လုပ်ငန်းရှင်များ/ကုမ္ပဏီများက အစားအသောက်နှင့် အဖျော်ယမကာများ၊ လက်မှုအနုပညာပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ အိမ်တွင်းအလှဆင်ပစ္စည်းများ၊ အထည်အလိပ်များ၊ လက်ဝတ်ရတနာနှင့် အသုံးအဆောင်များ၊ အားကစားနှင့် အပန်းဖြေပစ္စည်းများ၊ အီလက်ထရောနစ်နှင့် အီလက်ထရောနစ် ပစ္စည်းများ၊ နေ့စဉ်အသုံးပြုရန် လိုအပ်သည့်ပစ္စည်းများ၊ ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းဝန်ဆောင်မှုများ၊ ကုန်ကြမ်းပစ္စည်းများအစရှိသည်တို့ကို ခင်းကျင်းပြသလျက်ရှိကာ ပြပွဲကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၇) ရက်မှ (၉) ရက်အထိ ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။
