ယခုရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံ၌ ကိုဗစ် -၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ်များတွေ့ရှိလာမှုနှင့် အတူ မိုးရာသီရာသီတုပ်ကွေးရောဂါဖြစ်ပွားလာနိုင်မှုတို့ကြောင့် ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးနှိုးဆော်ခဲ့သည်။
လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများဖြစ်သော ဖျားခြင်း၊ နှာစေးခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ လည်ပင်းနာခြင်း လက္ခဏာရှိသူများအနေဖြင့် မိမိမှတစ်ဆင့် အခြားသူများထံ ကူးစက်မှုမရှိစေရေးအတွက် လူထူထပ်သောနေရာများသို့သွားခြင်းမှ ရှောင်ကြဉ်ခြင်းနှင့် မဖြစ်မနေသွားရောက်ရန်ရှိပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask)စနစ်တကျဝတ်ဆင်ခြင်းများပြုလုပ်ကြရန် အသိပေးနှိုးဆော်ခဲ့သည်။
ထို့ပြင် ပါးစပ်နှင့်နှာခေါင်းစည်းဝတ်ဆင်ထားခြင်းမရှိချိန်၌ နှာချေ၊ ချောင်းဆိုးပါက လက်ကိုင်ပဝါ/တံ တောင်ကွေးဖြင့်လုံအောင်အုပ်၍ နှာချေ၊ ချောင်းဆိုးခြင်း၊ ရောဂါလက္ခဏာပြင်းထန်ပါက နီးစပ်ရာဆေးရုံ/ကျန်းမာရေးဌာနသို့ချက်ချင်းပြသ၍ ဆေးကုသမှုခံယူခြင်း၊ တစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်းများဖြစ်သည့် လက်ကို ရေနှင့်ဆပ်ပြာ(သို့)ရေမလို လက်သန့်စင်ဆေးရည်(Hand sanitizer)ဖြင့် မကြာခဏ စနစ်တကျဆေးကြောခြင်းတို့ကိုပြုလုပ်ရန်လည်း အသိပေးနှိုးဆော်ခဲ့သည်။
ထို့အတူ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများသည် ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇကွဲများ ကူးစက်ဖြစ်ပွားခြင်းနှင့် ရောဂါလက္ခဏာပြင်းထန်မှုနှင့် အသက်ဆုံးရှုံးမှုတို့မှ ထိရောက်စွာကာကွယ်ပေး၍ ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မားသော အသက်အရွယ်ကြီးသူများ၊ ဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေးထိုးနှံမှုခံယူခြင်းတို့ပြုလုပ်ကြရန်လည်း အသိပေးနှိုးဆော်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါအားကမ္ဘာ့ကပ်ရောဂါအဖြစ်သတ်မှတ်ထားခြင်းမရှိတော့ဘဲ ရာသီတုပ်ကွေးရောဂါကဲ့သို့ ဒေသတွင်းပုံမှန်ကူးစက်ဖြစ်ပွားတတ်သည့် ရောဂါအဖြစ်သာသတ်မှတ်ထားပြီး လတ်တလောတွင် မြန်မာနိုင်ငံအတွင်း၌ အဆိုပါရောဂါများကူးစက်ဖြစ်ပွား/သေဆုံးမှုနှင့်ပတ်သက်၍ စိုးရိမ်ဖွယ်ရာအခြေအနေမရှိဟု ကျန်းမာရေးဝန်ကြီးဌာနက အသိပေးခဲ့သည်။