စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မဟာလယ်တီကျောင်းတိုက် စာချနာယကအဖွဲ့မှ ဦးစီးကျင်းပသည့် ပရမတ္ထသံခိပ်စာမေးပွဲကို ယခုနှစ်တွင် (၃၉)ကြိမ်မြောက်အဖြစ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
“ပရမတ္ထသံခိပ်စာမေးပွဲကို ဗုဒ္ဓအဘိဓမ္မာတွေအလွယ်တကူတတ်မြောက်စေဖို့နဲ့ ကျေးဇူးတော်ရှင်ပထမလယ်တီဆရာတော်ဘုရားကြီးရဲ့ကျေးဇူးတရားကိုဆပ်ဖို့ မဟာလယ်တီကျောင်းတိုက် စာချနာယကအဖွဲ့က ကျင်းပနေတာပါ။ (၃၈) ကြိမ်အထိ ကျင်းပခဲ့ပြီး ကိုဗစ်နဲ့ အခြားအကြောင်းအမျိုးမျိုးကြောင့် ရပ်နားခဲ့ရာက အခုနှစ်မှာ (၃၉)ကြိမ်မြောက်အဖြစ် ဆက်လက်ကျင်းပပါမယ်”ဟု ပရမတ္ထသံခိပ်စာမေးပွဲ ကျင်းပရေးအဖွဲ့ အတွင်းရေးမှူး ဦးဥဇ္ဇောတက မိန့်ကြားသည်။
ပရမတ္ထသံခိပ်စာမေးပွဲ ကို နှစ်စဥ်သီတင်းကျွတ်လဆန်း (၂) ရက်မှ (၄) ရက်အထိ ကျင်းပခြင်းဖြစ်ပြီး ဝါခေါင်လပြည့်နေ့မှ စပြီး စာမေးပွဲဝင်ခွင့်လျှောက်လွှာများ ထုတ်ယူနိုင်ကာ တော်သလင်းလပြည့်နေ့ နောက်ဆုံးထား၍ မဟာလယ်တီကျောက်စာတိုက် ဂေါပကအဖွဲ့ရုံးခန်းထံတင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။
ပရမတ္ထသံခိပ်စာမေးပွဲတွင် အဘိဓမ္မာသင်္ဂြိုဟ် (၉)ပိုင်းကို (၃)ပိုင်းစီခွဲ၍ အဆင့်(၃)ဆင့် သတ်မှတ်ဖြေဆိုရခြင်းဖြစ်ပြီး သင်္ဂြိုဟ်ပါဠိအစား မှတ်ရလွယ်ကူသည့် ပထမလယ်တီဆရာတော်ကြီးရေးသားထားသည့် သံပေါက်လင်္ကာများအား ကျက်မှတ်ဖြေဆိုကြရခြင်း ဖြစ်သည်။
စာမေးပွဲကို ရိုးရိုးတန်း ပထမဆင့်၊ ဒုတိယဆင့်၊ တတိယဆင့် (၃)ဆင့် နှင့် ဂုဏ်ထူးတန်း ပထမဆင့်၊ ဒုတိယဆင့်၊ တတိ ယဆင့် (၃)ဆင့်ဖြေဆိုရပြီး ရိုးရိုးတန်း (၃)ဆင့်လုံးကို (၁)နှစ်တည်းဖြေဆိုခွင့်ရှိပြီး ရိုးရိုးတန်း(၃)ဆင့်အောင်မြင်ပြီးမှ ဂုဏ်ထူးတန်း ဖြေဆိုခွင့်ရှိကြောင်း သိရသည်။
“ကျေးဇူးတော်ရှင် ပထမလယ်တီဆရာတော်ကြီး ရှိစဥ်က သံခိပ်ဝတ်သင်း တွေရှိခဲ့ပါတယ်။အာဂုံနှုတ်တိုက် ရွတ်ဆိုပူဇော်ကြပါတယ်။ နောက်ပိုင်းကာလမှာ စာမေးပွဲအဖြစ် ကျင်းပခဲ့ပါတယ်။ သံခိပ် (၃)ဆင့်လုံး ပိုင်နိုင်သွားရင် ဗုဒ္ဓအဘိဓမ္မာတရားတွေကို ကောင်းကောင်းသဘောပေါက်ပါတယ်”ဟု ပရမတ္ထသံခိပ်စာမေးပွဲ ကျင်းပရေးအဖွဲ့ အတွင်း ရေးမှူး ဦးဥဇ္ဇောတက မိန့်ကြားသည်။
ပရမတ္ထသံခိပ်စာမေးပွဲသို့ အစိုးရပထမပြန်စာမေးပွဲ ပထမကြီးတန်း မရောက်သေးသည့် ရဟန်း၊ သာမဏေ၊ သီလရှင်၊လူပုဂ္ဂိုလ် မည်သူမဆို ဖြေဆိုနိုင်ရာ နှစ်စဥ် ရဟန်း၊ သာမ ဏေ ၊သီလရှင် ၊လူပုဂ္ဂိုလ် အစုံဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။
ကိုဗစ်မတိုင်ခင်က ကရင်ပြည်နယ်၊ ဘားအံနှင့် စစ်ကိုင်းတို င်းဒေသကြီး ကလေးဝမြို့အနီးရှိ မစိန်ကျေးရွာများတွင် စာ မေးပွဲဌာနခွဲများထားကာ ပရမတ္ထသံခိပ်စာမေးပွဲကျင်းပခဲ့ရာ ဘားအံတွင် စာဖြေသူ ရဟန်း/သာမဏေ/သီလရှင်/လူပုဂ္ဂို လ် (၂၅၀)ခန့် ရှိပြီး မစိန်ရွာတွင် စာဖြေသူ (၅၀) မှ (၁၀၀) ကြား ရှိခဲ့ကြောင်း သိရသည်။
