ဂျာမနီနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ကာကွယ်ရေးဆက်ဆံရေး ခိုင်မာစေရန်နှင့် ပူးတွဲလုပ်ဆောင်ချက်များကို မြှင့်တင်ရန် သဘောတူခဲ့ကြသည်ဟု သိရပြီး မနီလာသည် အနောက်ဖိလစ်ပိုင်ပင်လယ်တွင် တရုတ်နှင့် ကာလကြာရှည် အငြင်းပွားနေမှုတွင် ၎င်း၏ ရပ်တည်ချက်ခိုင်မြဲစေရန်အတွက် မဟာမိတ်ဖွဲ့မှုများကို ပြုလုပ်နေခဲ့သည်။
ကာကွယ်ရေးဝန်ကြီး ဂီလ်ဘတ်တို တီအိုဒိုရိုနှင့် ဂျာမန်ကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ်ထရပ်စ်တို့သည် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်သော အစီအစဉ်များကို ဗုဒ္ဓဟူးနေ့က ဘာလင်တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်းနှင့် ဆိုက်ဘာလုံခြုံရေး၊ ကာကွယ်ရေးလက်နက်နှင့် ထောက်ပံ့ပို့ဆောင်ရေး အပါအဝင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့သွားရန် သဘောတူခဲ့ကြသည်ဟု နိုင်ငံတော်ကာကွယ်ရေးဌာန(DND) က ကြာသပတေးနေ့တွင် သတင်းထုတ်ပြန်ကြေညာခဲ့သည်။
ပြီးခဲ့သည့်နှစ်က ပစ်ထရပ်စ်၏ မနီလာခရီးစဉ်တွင် စစ်တပ်နှစ်ခုအကြား ရေရှည်ဆက်ဆံရေးမြှင့်တင်သွားရန် ၎င်းနှင့် တီအိုဒိုရိုတို့ ကတိကဝတ်ထားရှိခဲ့ကြပြီးနောက်ပိုင်း ယခုကဲ့သို့ သဘောတူညီမှု ရခဲ့ခြင်းဖြစ်သည်။
ဖိလစ်ပိုင်၏ အခြားနိုင်ငံတစ်ခုနှင့် အရှည်ကြာဆုံး ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မူဘောင်များထဲမှ တစ်ခုဖြစ်သော ဂျာမနီရှိ ဖိလစ်ပိုင် လက်နက်ကိုင်တပ်ဖွဲ့များ(AFP) ကို လေ့ကျင့်သင်ကြားပေးရေးနှင့် ပတ်သက်သည့် ၁၉၇၄ ခုနှစ် Administrative Agreement အရ အစီအစဉ်ကို တည်ဆောက်ထားခြင်းဖြစ်သည်ဟု DND က ပြောဆိုခဲ့သည်။
နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသော သဘောတူညီချက်ကို အကောင်အထည်ဖော်မှုအား ပြန်လည်သုံးသပ်ရန်အတွက် တီအိုဒီရိုနှင့် ပစ်ထရပ်စ်တို့သည် တတိယအကြိမ် အရာရှိအဆင့် ဆွေးနွေးပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း DND က ဆက်လက်ပြောကြားခဲ့သည်။
ဘာလင်နှင့် ဖိလစ်ပိုင်တို့၏ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် ၎င်း၏ အစဉ်အလာမဟာမိတ် အမေရိကန်ပြည်ထောင်စုကို ကျော်လွန်၍ ကာကွယ်ရေးသဘောတူညီချက်များ တိုးပွားလာစေခဲ့သည်။
Ref: Inquirer.net