စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နှင့်ကသာမြို့တို့တွင် ဇွန်လ (၂)ရက်မွန်းတည့် (၁၂) နာရီက အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲများ ကျင်းပလျက်ရှိကြောင်း သိရသည်။
ကလေးမြို့၊ စကားလှဘုန်းတော်ကြီးကျောင်း၊ မြို့မဓမ္မာရုံနှင့် ကသာမြို့၊ မြောက်ကျောင်း ပရိယတ္တိစာသင်တိုက်တို့တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲများကိုကျင်းပခြင်းဖြစ်ပြီး ကလေးမြို့တွင် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း (၇၄) ပါး စာရင်းပေးသွင်းထားရာ (၆၂) ပါး ဝင်ရောက် ဖြေဆိုခဲ့ပြီး (၁၂) ပါး ပျ-က်ကွက်ခဲ့ကြောင်း သိရသည်။
အလားတူ ကသာမြို့တွင် ဖြေဆိုရန် စာရင်းပေးသွင်းထားသော ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း (၃၇)ပါးရှိရာ ရဟန်း၊ သာမဏေ၊ သီလရှင် (၂၈)ပါး ဝင်ရောက်ဖြေဆိုကြပြီး ဖြေဆိုရန်ပျ-က်ကွက်သူ (၉)ပါးရှိကြောင်း သိရသည်။
ကလေးမြို့တွင် စာမေးပွဲများ အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်စေရေးအတွက် ထေကြီးဝါကြီးဆရာတော်ကြီးများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များက ဆွမ်းဘောဇဉ်များနှင့် သွားလာမှု အဆင်ပြေလွယ်ကူစေရေး ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကသာမြို့တွင်လည်း စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရန် ကသာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ခေတ္တ ဥက္ကဋ္ဌ ဗိုလ်မှူးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆွမ်းကိစ္စအဝဝတို့ကို တာဝန်ယူဆောင်ရွက်ပေးခဲ့ကြပြီး ခရိုင်ကျန်းမာရေး ဦးစီးဌာနမှ ခရိုင်ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများက စာဖြေသံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုများ နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စာမေးပွဲများကို ဇွန်လ (၂)ရက်မှ ဇွန်လ (၁၀)ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။