အရပ် ၃ ပေ ၄ လက်မသာ ရှိတဲ့ ကမ္ဘာ့အရပ်အပုဆုံး ကာယဗလမောင်ဟာ အခုတော့ အရပ် ၄ ပေ ၂ လက်မ ရှိတဲ့ သူရဲ့ အိပ်မက်ထဲက သတို့သမီးနဲ့ လက်ထပ်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံအလယ်ပိုင်း၊ မဟာရတ်ချ်ထရာပြည်နယ်မှာ နေထိုင်တဲ့ အသက် ၂၈ နှစ်အရွယ် ပရာတစ် ဗစ်တယ် မိုဟီတေးဆိုသူဟာ မွေးရာပါ ကိုယ်လက်အင်္ဂါချို့တဲ့မှုကြောင့် သူ့ဘဝတစ်လျှောက်လုံး လူ့ပတ်ဝန်းကျင်မှာ ဝင်ဆန့်ဖို့ ကြိုးစားခဲ့ရပါတယ်။ သူရဲ့အရွယ်အစားကြောင့် သူနဲ့ လက်ထပ်မယ့်သူ ရှိမလားဆိုပြီးတော့တောင် စိုးရိမ်ခဲ့ရသူပါ။
ဒါပေမယ့် ပရာတစ်ဟာ သူရဲ့ သတို့သမီး ဖြစ်လာမဲ့ ဂျာရားဆိုတဲ့ အမျိုးသမီးကို နှစ်ဖက်မိဘဆွေရဲ့ မိတ်ဆက်ပေးမှုနဲ့ လွန်ခဲ့တဲ့ လေးနှစ်ကတည်းက တွေ့ဆုံခဲ့ပါတယ်။ နှစ်ယောက်သား မြင်မြင်ချင်း သဘောကျခဲ့ပေမယ့် ပရာတစ်ဟာ အဲအချိန်တုန်းက ဘဝမပြည့်စုံသေးတာကြောင့် လက်ထပ်ဖို့ကိစ္စကို ဆိုင်းငံ့ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ပရာတစ်ဟာ အလုပ်ကိုပဲ ကြိုးစားလုပ်ကိုင်ခဲ့အတွက် ဂင်းနစ်စံချိန်ဝင် ကမ္ဘာ့အရပ်အပုဆုံး ကာယဗလမောင် ဖြစ်လာရုံသာမက ကမ္ဘာကျော် ရက်ပ်အဆိုတော် စနု(ပ်)ဒေါ့ ကတောင် အင်စတာဂရမ်မှာ ဖော်လိုလုပ်ထားတဲ့အထိ နာမည်ကြီး လာခဲ့ပါတယ်။
ပြိုင်ပွဲပေါင်း ၅၀ ကျော် ဝင်ပြိုင်ခဲ့ပြီး အခုအခါမှာတော့ အားကစားရုံနှစ်ခုမှာ တက်သစ်စ ကာယဗလမောင်တွေကို လေ့ကျင့်ပေးတဲ့ဆရာ အနေနဲ့ လုပ်ကိုင်နေပါတယ်။
မတ်လ ၁၃ ရက်နေ့မှာတော့ ပရာတစ်ဟာဂျာရားကို ဟင်ဒူရိုးရာ မင်္ဂလာပွဲလုပ်ပြီး လက်ထပ်ခဲ့ပါတယ်။ ပရာတစ်ဟာ ချို့ယွင်းချက်တွေနဲ့ ကြီးပြင်းလာရသူ ဖြစ်ပေမယ့် အားမလျော့ဘဲ ကြိုးစားခဲ့တဲ့အတွက် အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး သဘောကျတဲ့ မိန်းကလေးနဲ့ပါ လက်ထပ်နိုင်ခဲ့ပါတယ်။
Source: Daily Mail





