ရုရှားနိုင်ငံ၊ ဘူရားတီးယား ပြည်နယ်ရှိ ကမ္ဘာပေါ်တွင်အ နက်ဆုံးရေကန်ဖြစ်သော ဘိုင်ကယ် ရေကန်ကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့မှ ယနေ့ ဇွန် ၂၉ ရက်နံနက်ပိုင်းက ကြည့်ရှုလေ့လာခဲ့ကြသည်။
အဆိုပါ ခရီးစဥ်အတွင်း ဘူရားတီးယား ပြည်နယ်အကြီးအကဲ Mr. Aleksey Sambuyevich Tsydenov နှင့်တာဝန်ရှိသူများလည်းလိုက်ပါခဲ့ကာရှင်းလင်းပြသခဲ့သည်။
အဆိုပါ ရေကန်သည် ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယားဒေသ(တောင်ပိုင်း) Irkutsk Oblast နှင့် ဘူရားတီးရားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တို့ကြားတွင်တည်ရှိပြီး ကမ္ဘာပေါ်တွင် အနက်ဆုံးရေကန်တစ်ခုဖြစ်ကာ အနက်(၁,၆၄၂)မီတာ(၅,၃၈၇ ပေ)ရှိပြီး လွန်ခဲ့သော နှစ်ပေါင်းသန်း(၃၀)ခန့်ကပင်တည်ရှိခဲ့သည့် ရှေးအကျဆုံးရေချိုရေကန်တစ်ခုဖြစ်သည်။
ယင်း ရေကန်အား UNESCO မှ ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် ၁၉၉၆ ခုနှစ်တွင်စာရင်းသွင်းခဲ့ပြီး ရှား ပါးသော အပင်မျိုးစိတ်(၁,၀၀၀)ခန့်နှင့် တိရစ္ဆာန်မျိုးစိတ်ပေါင်း(၂,၅၀၀)ခန့်ရှိသည့် ရေကန်တစ်ခုဖြစ်ကာ လခြမ်းပုံရှည်လျားသည့် ပုံသဏ္ဌာန်ရှိပြီး သဘာဝ၏အလှတရားနှင့် ထူးခြားသောအမွေအနှစ်တို့ဖြင့် ပြည့်နှက်လျက်ရှိသည်။
