ရာသီဥတုပြောင်းလဲမှုဒဏ်ကို ပြင်းထန်စွာ ရင်ဆိုင်နေရသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ရာသီဥတုရန်ပုံငွေ ပိုမိုရရှိစေရေးနှင့် ထောက်ပံ့ငွေများ အချိန်မီပေးအပ်နိုင်ရေးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဇွန် ၂၄ ရက်တွင် တိုက်တွန်းခဲ့ပြီး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃၀၀ ဘီလျံ သတ်မှတ်ထားသည့် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုရန်ပုံငွေမှာ လက်တွေ့လိုအပ်ချက်များကို ဖြည့်ဆည်းရန် မလုံလောက်ကြောင်း ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ၏ အကြီးအကဲ ပါမောက္ခ မိုဟာမက် ယူနွတ်စ်၏ အထူးကိုယ်စားလှယ် တာရစ် ရာမန်က တရုတ်နိုင်ငံ ဒါလီယန်မြို့၌ ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum) ၏ နှစ်ပတ်လည်အစည်းအဝေးတွင် မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်းက ဖွံ့ဖြိုးပြီးနိုင်ငံများအနေဖြင့် နိုဝင်ဘာလတွင် ကျင်းပမည့် ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ဆွေးနွေးပွဲမတိုင်မီ ရာသီဥတုဆိုင်ရာ ကတိကဝတ်များကို အပြည့်အဝ လိုက်နာအကောင်အထည်ဖော်ရန်လည်း တိုက်တွန်းခဲ့သည်။
ရာသီဥတုပြောင်းလဲမှုဒဏ်ကို အထိခိုက်လွယ်ဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်သည် ရေကြီးရေလျှံမှု၊ မုန်တိုင်း၊ မြစ်ကမ်းပါးပြိုကျမှုနှင့် ပင်လယ်ရေငန် ဝင်ရောက်မှုကဲ့သို့သော သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ဖြေရှင်းနိုင်ရေးအတွက် ပြည်တွင်းရာသီဥတုအစီအစဉ်များကို အကောင်အထည်ဖော်နေသည့်အပြင် နိုင်ငံတကာ ရန်ပုံငွေထောက်ပံ့မှုများလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးတွင် ဖွံ့ဖြိုးပြီးနိုင်ငံများက ၂၀၃၅ ခုနှစ်အရောက် နှစ်စဉ် ရာသီဥတုရန်ပုံငွေကို အမေရိကန်ဒေါ်လာ ၃၀၀ ဘီလျံအထိ တိုးမြှင့်ပံ့ပိုးရန် သဘောတူညီခဲ့သော်လည်း ယင်းပမာဏမှာ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ရာသီဥတုလျော့ပါးရေးနှင့် လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ရေး လိုအပ်ချက်များကို ဖြည့်ဆည်းရန် လုံလောက်မှုမရှိကြောင်း တာရစ် ရာမန်က ပြောကြားခဲ့သည်။
ထို့ပြင် ကုလသမဂ္ဂ၏ အစိမ်းရောင်ရာသီဥတုရန်ပုံငွေ (Green Climate Fund) သို့ ထည့်ဝင်ငွေများ တိုးမြှင့်ပေးရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ရာသီဥတုဆိုင်ရာ ရန်ပုံငွေများကို ပိုမိုလွယ်ကူစွာ ရရှိနိုင်ရေးအတွက် နိုင်ငံတကာအစိုးရများက ပူးပေါင်းဆောင်ရွက်ပေးရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
Ref: International
