ဘရစ်အဖွဲ့သည် အမေရိကဆန့်ကျင်သူများဖြစ်သည်ဆိုသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ စွပ်စွဲချက်ကို တနင်္လာနေ့က ဘရစ်ထိပ်သီးအစည်းအဝေးတွင် ထွန်းသစ်စအဖွဲ့ဝင်နိုင်ငံများက ပယ်ချခဲ့ပြီး ကမ္ဘာသည် ဧကရာဇ်တစ်ပါးကို မလိုလားဟု ဘရာဇီးသမ္မတက ပြောဆိုကာ အဖွဲ့အပေါ် ထရမ့်ပ်၏ အခွန်ထပ်ဆောင်းကောက်မည်ဆိုသော ခြိမ်းခြောက်မှုကို တုန့်ပြန်ခဲ့သည်။
ပမာဏများသော တုန့်ပြန်အခွန်စည်းကြပ်မှုများ ချမှတ်ထားခြင်းအတွက် နောက်ဆုံးသတ်မှတ်ရက်ဖြစ်သော ဇူလိုင်လ ၉ ရက် နေ့မတိုင်မီတွင် အမေရိကန်အစိုးရက နိုင်ငံအများအပြားနှင့် ကုန်သွယ်ရေးသဘောတူညီချက်များကို အပြီးသတ်ရန် ပြင်ဆင်နေချိန် တနင်္ဂနွေနေ့ညတွင် ထရမ့်ပ်၏ ခြိမ်းခြောက်မှုထွက်ပေါ်လာခြင်းဖြစ်သည်။
ထရမ့်ပ်အစိုးရအဖွဲ့သည် ခြိမ်းခြောက်ထားသည့်အတိုင်း ဘရစ်နိုင်ငံများကိုထပ်ဆောင်းအခွန် ၁၀ ရာခိုင်နှုန်းကို ချက်ချင်းချမှတ်ရန် ရည်ရွယ်ချက်မရှိသော်လည်း ၎င်း၏ အစိုးရအဖွဲ့က မှတ်ယူထားသော အမေရိကဆန့်ကျင်ရေးမူဝါဒများကို နိုင်ငံများက ချမှတ်အကောင်အထည်ဖော်လာပါက ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းကိစ္စနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။
ရီယိုဒီဂျနေရိုးတွင် ကျင်းပနေသည့် ဘရစ်ထိပ်သီးအစည်းအဝေးအပြီးတွင် ထရမ့်ပ်၏ ခြိမ်းခြောက်မှုနှင့်ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းမှုကို “ကမ္ဘာကြီးက ပြောင်းလဲသွားပါပြီ၊ ငါတို့ ဧကရာဇ်တစ်ပါး မလိုလားပါဘူး” ဟု လူလာက တုန့်ပြန်ဖြေကြားခဲ့သည်။
“ဒါက စီးပွားရေးရှုထောင့်ကနေ ကမ္ဘာကို စည်းရုံးဖို့ တခြားနည်လမ်းရှာလိုတဲ့ နိုင်ငံအစုအဖွဲ့ပါ” ဟု ဘရစ်နှင့်ပတ်သက်၍ ၎င်းက ပြောကြာခဲ့ပြီး “ဒါကပဲ ဘရစ်က လူတွေကို စိတ်မသက်သာဖြစ်စေတယ်လို့ ငါထင်ပါတယ်” ဟု ဆိုခဲ့သည်။
ဘရစ်အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုတွင် ဒေါ်လာ၏ အခန်းကဏ္ဍကို အားနည်းစေရန် ကြိုးပမ်းပါက ရာနှုန်းပြည့်အခွန်စည်းကြပ်မှုနှင့် ရင်ဆိုင်ရမည်ဟု ဖေဖော်ဝါရီလတွင် ထရမ့်ပ်က ဘရစ်ကို သတိပေးခဲ့သည်။ ဘရစ်ဥက္ကဌနိုင်ငံဖြစ်သော ဘရာဇီးသည် ယမန်နှစ်က အဖွဲ့ဝင်နိုင်ငံအချို့က အဆိုပြုခဲ့သည့် အဖွဲ့အတွက် ဘုံငွေကြေးစနစ်တစ်ခုပေါ်ပေါက်လာရန် ကြိုးပမ်းမှုများကို ပယ်ချခဲ့ပြီးဖြစ်သည်။
သို့ရာတွင် ကမ္ဘာ့ကုန်သွယ်ရေးတွင် အမေရိကန်ဒေါ်လာအစား အခြားရွေးချယ်စရာများ လိုအပ်သည်ဆိုသည့် ၎င်း၏ အမြင်ကို တနင်္လာနေ့တွင် လူလာက ထပ်လောင်းပြောကြားလာခဲ့သည်။
Ref: သည်အီကော်နော်မစ်တိုင်းမ်စ်
