အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြီးခဲ့သည့် သီတင်းပတ်တွင် နိုင်ငံရပ်ခြားအကူအညီများကို ရပ်ဆိုင်းလိုက်သောကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်ထောင်ပေါင်းများစွာကို စောင့်ရှောက်ပေးနေသော ကျန်းမာရေးစင်တာများကို ပိတ်သိမ်းရန် ညွှန်ကြားခဲ့ပြီး ထိုင်းအာဏာပိုင်များအနေဖြင့် ရောဂါပြင်းထန်သော လူနာများကို အခြားဆေးရုံများသို့ ပို့ဆောင်ခဲ့ရသည်။
နိုင်ငံတကာကယ်ဆယ်ရေးကော်မတီ(IRC) က အမေရိက၏ ပံ့ပိုးမှုဖြင့် ရန်ပုံငွေထောက်ပံ့ထားသော ဆေးခန်းများကို သောကြာနေ့မှစ၍ ပိတ်ရန် ပြောကြားခဲ့သည်ဟု ဒေသဆိုင်ရာ တာဝန်ရှိသူတစ်ဦးနှင့် စခန်းကော်မတီဝင်တစ်ဦးက ပြောဆိုသည်။
ယင်းနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုမှုကို IRC က တုန့်ပြန်ဖြေကြားခြင်း မရှိပေ။
ပြီးခဲ့သည့် သီတင်းပတ်တွင် ထရမ့်ပ်သည် သူ၏ အမေရိကဦးစားပေး မူဝါဒ နှင့် ကိုက်ညီမှုရှိ မရှိ အကဲဖြတ်ရန်အတွက် နိုင်ငံတကာ ဖွံ့ဖြိုးရေး အမေရိကန်အေဂျင်စီ၏ ဖွံဖြိုးရေးအကူအညီများကို ရက် ၉၀ ဆိုင်းငံ့ထားလိုက်သည်။
အကူအညီများရပ်ဆိုင်းခြင်းသည် အမေရိက,က ကြီးကြီးမားမား ထောက်ပံ့မှုပေးထားသော ကမ္ဘာလုံးဆိုင်ရာ အကူအညီပေးရေးကဏ္ဍကို ပရမ်းပတာဖြစ်စေခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဌာနက အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သော ရက် ၉၀ ယာယီရပ်ဆိုင်းထားသော ကာလ အတွင်း အသက်ကယ်သော လူသားချင်းစာနာထောက်ထားသည့် အကူအညီများ အပေါ် မည်သို့ အကျိုးသက်ရောက်မည် သို့မဟုတ် လူပေါင်း ၁၀၀,၀၀၀ ခန့်နေထိုင်ရာ စခန်းကိုးခုရှိ ကျန်းမာရေးစင်တာအရေအတွက် မည်မျှထိခိုက်မှုရှိမည်ကို လတ်တလောတွင် မသိရသေးပေ။
နယ်စပ်ရှိ ကျန်းမာရေးစင်တာများသည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံမှ ဒုက္ခသည်ထောင်ပေါင်းများစွာကို ဝန်ဆောင်မှု ပေးလျက်ရှိသည်။
Ref: ယူအက်စ်နူးစ်