စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ယမနေကျေးရွာ အတွင်းသို့ လက်နက်ကိုင်အဖွဲ့များမှ သြဂုတ် (၁၂) ရက်နံနက်ပိုင်းက လက်နက်ကြီး၊ သေနတ်များ၊ Drop Bomb များဖြင့်ပစ်ခတ်ခဲ့သဖြင့် ကလေးငယ် (၂) ဦးအပါအဝင် (၆) ဦးသေဆုံးကာ (၃) ဦးတွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း နစက ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။
ယမန်နေ့ နံနက် (၆) နာရီခွဲခန့်က ကန့်ဘလူမြို့နယ်၊ ယမနေကျေးရွာရှိ လုံခြုံရေးအဖွဲ့ဝင်များအား ကျေးရွာ၏ အရှေ့မြောက်ဘက်မှနေ၍ လက်လုပ်စိန်ပြောင်းများ၊သေနတ်များဖြင့် ပစ်ခတ်ကာ Drone ယာဥ်များ အသုံးပြု၍ Drop Bomb များဖြင့်လည်း ပစ်ချတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လက်လုပ်စိန်ပြောင်းကျည်များနှင့် Drop Bomb များသည် ကျေးရွာအတွင်းကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက်(၅)နှစ်နှင့် (၁၀)နှစ်အရွယ် ကလေးငယ် (၂)ဦးအပါအဝင် (၆) ဦးသေဆုံးကာ (၃) ဦးတွင်လည်း ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ပေါက်ကွဲမှုများကြောင့် ကျေးရွာအတွင်းရှိ အခြေခံပညာမူလတန်း(လွန်)ကျောင်းအတွင်းရှိ စာသင်ဆောင်အဆောက်အဦး (၂) လုံးမှာလက်နက်ကြီးကျည်ထိမှန်၍ ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများအား လုံခြုံရေးအဖွဲ့ဝင်များက ဆေးဝါးကုသမှုများပြုလုပ်ပေးပြီးနောက် ကန့်ဘလူမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။
ကျေးရွာအတွင်း ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည့် လက်နက်ကိုင် အဖွဲ့ဝင်များအား လုံခြုံရေးအဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့သဖြင့် ထွက်ပြေးသွားခဲ့ပြီး အလောင်းအချို့နှင့် ခဲယမ်းဆက်စပ်ပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရသည်။
လက်ရှိတွင် ပြစ်မှုကျူးလွန်သူများအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရန် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
