နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ကင်းသာကျေးရွာအနီးရှိ ကင်းသာရေထိန်းတမံ၏ ရေလှောင်ဧရိယာအတွင်း သဲနုန်းပို့ကျမှုလျော့ကျစေရန် ရေစီးဝင်ချောင်းများဖြစ်သည့် ကျောက်ဆည်ချောင်းနှင့် ရေဝေချောင်းများအပေါ်တွင် ယာယီနုန်းဖမ်းဂရစ်တန်းများကိုတည်ဆောက်ထားပြီးဖြစ်ကြောင်း သိရသည်။
ကင်းသာရေထိန်းတမံသည် ၂၀၁၄ ခုနှစ်က ရာဂီမုန်တိုင်း၏ ထူးကဲမိုးရေချိန်များကြောင့်ထိခို-က်ပျ-က်စီးမှုများကို ပြန်လည်ပြုပြင်ပြီးဖြစ်သည်။
ထိုသို့ တည်ဆောက်ပြီးစီးမှုများကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်မှ သြဂုတ် ၂၄ ရက်ကသွားရောက်ကြည့်ရှု့၍ ရေသိုလှောင်ထားရှိမှု၊ တမံကြံ့ခိုင်မှု၊ နုန်းတားတမံများတည်ဆောက်ပြီးစီးမှု၊ ယာယီနုန်းဖမ်းဂရစ်တန်းများတည်ဆောက်ထားရှိမှုတို့ကိုစစ်ဆေးပြီး ရေထိန်းတမံအတွင်း သဲနုန်းဝင်ရောက်မှုလျော့နည်းစေရန်၊ ဝင်ရောက်ပြီးသဲနုန်းများပြန်လည်ဖယ်ထုတ်ရန်တို့ကိုမှာကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် တမံနှင့်ရေပိုလွှဲဆက်စပ်ရေကို အဆောက်အအုံများအတွင်း စဥ်ဆက်မပြတ်စောင့်ကြည့်စစ်ဆေးရန်၊ ရေလှောင်တမံများတွင် အရေးပေါ်အခြေအနေကြိုတင်စီမံခန့်ခွဲမှုစီမံချက်ပါ လုပ်ငန်းစဥ်များအတိုင်းလိုက်နာဆောင်ရွက်ရန်၊ မိုးစပါးနှင့် မိုးသီးနှံရာထားဧကပြည့်မှီရေးကြိုစားဆောင်ရွက်ရန်တို့ကိုလည်း မှာကြားခဲ့ကြောင်း သိရသည်။
ကင်းသာရေထိန်းတမံအနေဖြင့် ယခုနှစ် မိုးရာသီကာလအတွင်း မိုးစပါးနှင့် မိုးသီးနှံဧက(၅၀၀)ကျော်ကိုရာထားစိုက်ပျိုးရေပေးဝေလျက်ရှိပြီး ယခုအထိ မိုးစပါးနှင့်မိုးသီးနှံဧက(၃၅၀)ကျော်စိုက်ပျိုးပြီးဖြစ်ရာ ကျန်ရှိသည့် စိုက်ဧကများကိုလည စိုက်ပျိုးရေဆက်လက်ပေးဝေလျက်ရှိကြောင်း သိရသည်။
