မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်သည် ပေကျင်းတွင် တောင်ကိုရီးယားလွှတ်တော်ဥက္ကဌ ဝူးဝမ်ရှစ်ခ်နှင့် လက်ဆွဲနှုတ်ဆက်ခဲ့ကြောင်း ဝူး၏ရုံးက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံတွင် ကျင်းပသည့် ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း အထိမ်းအမှတ်စစ်ရေးပြအခမ်းအနား မစမှီတွင် ၎င်းတို့နှစ်ဦး လက်ဆွဲနှုတ်ဆက်ခဲ့ကြခြင်း ဖြစ်သည်ဟု ၎င်း၏ ရုံးက သတင်းထုတ်ပြန်ပြောဆိုခဲ့သည်။ ဝူးသည် အဆိုပါအခမ်းအနားသို့ တောင်ကိုရီးယားနိုင်ငံကို ကိုယ်စားပြုကာတက်ရောက်ခဲ့ခြင်းဖြစ်သည်။
တင်းမာသော ဆက်ဆံရေးကာလတစ်ခုအပြီးတွင် ဆိုးလ်နှင့် ပြုံယမ်းအကြား တွေ့ဆုံဆွေးနွေးမှုပြန်စရန် တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်နှင့် ဝူးတို့က တောင်းဆိုခဲ့သည်။
မြောက်ကိုရီးယားဘက်ကမူ ဆိုးလ်၏ ကမ်းလှမ်းမှုများကိုယခုအထိ ပယ်ချထားခဲ့ပြီး တောင်ကိုရီးယားနှင့် ပြောဆိုဆွေးနွေးရန် စိတ်မဝင်စားဟု ဆိုထားသည်။
ဝူးသည် ၂၀၁၈ ခုနှစ်က တောင်ကိုရီးယားသမ္မတဖြစ်သူ မွန်ဂျေးအင်နှင့် ကင်မ်တို့၏ ထိပ်သီးအစည်းအဝေးပြုလုပ်ခဲ့စဉ်က ကင်မ်နှင့် ဆုံခဲ့ဖူးသည်။
၎င်းတို့ နောက်ဆုံးတွေ့ဆုံခဲ့မှုသည် ၇ နှစ်တာကြာခဲ့ပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ဝူးက ကင်မ်ကို ပြောကြားခဲ့ပြီး ကင်မ်ကမူ “ဟုတ်ကဲ့” ဟူသော စကားမှလွဲ၍ တစုံတရာမျှထပ်မံ ပြောကြားခဲ့ခြင်းမရှိဟု ယွန်ဟပ်သတင်းဌာနက ဖော်ပြခဲ့သည်။
ဝူးသည် ပေကျင်းတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်လည်း တွေ့ဆုံခဲ့ပြီး ဝူးအနေဖြင့် ကင်မ်ထံမှ တဆင့် ပေးစေလိုသည့် သတင်းစကားရှိမရှိ ကို ရုရှားခေါင်းဆောင်က သူ့ကို မေးမြန်းခဲ့သည်ဟု ဝူး၏ရုံးက ပြောကြားခဲ့သည်။
ထိုအခါ ဝူးက ခက်ခဲသောအခြေအနေများရှိနေသော်ငြားလည်း ယခုအခါတွင် ကိုရီးယားကျွန်းဆွယ်၌ ငြိမ်းချမ်းရေးတည်ဆောက်ရန် အလွန်အရေးကြီးပါကြောင်း ပြန်လည်ပြောကြားခဲ့သည်။
ပေကျင်းသို မထွက်ခွါမီတွင် ကင်မ်နှင့် တွေ့ရမည်မှာ မသေချာကြောင်း သို့ရာတွင် တွေ့ဖြစ်ခဲ့ပါက ကိုရီးယားကျွန်းဆွယ်တွင် ငြိမ်းချမ်းရေးမည်သို့ တည်ဆောက်ကြမည်ဆိုသည်နှင့်ပတ်သက်၍ သူဆွေးနွေးလိုကြောင်း ဝူးက ပြောကြားခဲ့သည်။
ယခင်က ကိုရီးယားနှစ်နိုင်ငံ ဆွေးနွေးပွဲများဖြစ်မြောက်ရန် ကူညီဆောင်ရွက်ပေးခဲ့သော ဝါရင့်နိုင်ငံရေးသမားတစ်ဦးအပါအဝင် တောင်ကိုရီးယားလွှတ်တော်အမတ်အချို့သည် ဝူးနှင့်အတူ ပေကျင်းသို့ လိုက်ပါခဲ့ကြသည်။
သို့သော်လည်း အဆိုပါလွှတ်တော်အမတ်များသည် အခမ်းအနားသို့ တက်ရောက်လာကြသည့် မြောက်ကိုရီးယားအရာရှိများနှင့် မဆက်သွယ်ခဲ့ရကြောင်း ယွန်ဟပ်သတင်းဌာနက ဖော်ပြခဲ့သည်။
Ref: အေအိုအယ်လ်
