ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုနည်းသင်တန်းအား ယနေ့ ဇူလိုင် ၁၅ ရက်ကစတင်ဖွင့်လှစ်ရာ ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်တက်ရောက်ခဲ့သည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲပေးစက်များစနစ်တကျသယ်ယူပို့ ဆောင်နိုင်ရေး၊ စနစ်တကျထိန်းသိမ်းထားသိုနိုင်ရေး၊ လုံခြုံရေးလုပ်ငန်းစဉ်များကို ပံ့ပိုးကူညီပေးလျက်ရှိသည်ဟု ပြောသည်။
မဲပေးစက်(MEVM)သည် ရိုးရှင်း၍ လုံခြုံစိတ်ချရသော စနစ်ဖြင့်တည်ဆောက်ထားပြီး မဲပေးရာတွင် မြန်ဆန်လွယ်ကူပြီး ပယ်မဲမရှိဘဲ အချိန်တိုအတွင်း တိကျသော မဲရလဒ်များရရှိနိုင်မည်ဖြစ်၍ တရားမျှတပြီး သိက္ခာရှိသော ရွေးကောက်ပွဲဖြစ်စေမည် ဖြစ်ကာ ယင်းသို့ မဲပေးစက်ဖြင့် မဲပေးခြင်းသည် မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပဆောင်ရွက်ခြင်းဖြစ်ရာ မဲဆန္ဒရှင်များ လွယ်ကူစွာမဲပေးနိုင်ရေးနှင့် မဲပေးစက်ကိုင်တွယ်မည့်သူများ စနစ်တကျကိုင်တွယ်နိုင်ရေးမှာ အဓိကကျသည်ဟုလည်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးမျိုးမင်းဦးက အီလက်ထရေစနစ်မဲပေးစက်တည်ဆောက်ပုံ၊ ထိန်းချုပ်စက်ကိုင်တွယ်အသုံးပြုခြင်း၊ မဲရလာဒ်များထုတ်ယူရေတွက်ခြင်း၊ မဲပေးစက်အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ၊ မဲပေးစက်၏ လုံခြုံစိတ်ချရမှုတို့ကို ရှင်းလင်းတင်ပြခဲ့သည်။
မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုနည်းသင်တန်းတွင် ပြည်နယ်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ဝင်ဌာနဆိုင်ရာများ၊ အခြေခံပညာ ဆရာ/ ဆရာမများပါဝင်သည့် သင်တန်းသား/သင်တန်းသူ (၁၀၀)ကျော်တို့အား မဲပေးစက်အသုံးပြုနည်းများ၊ ထိန်းချုပ်စက်ကိုင်တွယ်အသုံးပြုခြင်း၊ မဲရလဒ်များ ထုတ်ယူခြင်းလုပ်ငန်းစဉ်များအား (၂)ရက်ကြာသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
