အီရန်နှင့် အချိန် ၂၁ နာရီကြာ စေ့စပ်ညှိနှိုင်းမှုများလုပ်ခဲ့သော်လည်း သဘောတူညီချက်မရရှိခဲ့သောကြောင့် အမေရိကိုယ်စားလှယ်အဖွဲ့သည် ပါကစ္စတန်မှ ပြန်လည်ထွက်ခွာပြီဖြစ်ကြောင်း အမေရိကန်ဒုတိယ သမ္မတ ဂျေဒီဗန့်စ်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
ဆွေးနွေးပွဲတွင် အားနည်းချက်များကို ဗန့်စ်က ကိုးကားပြောဆိုခဲ့ပြီး အီရန်သည် နျူကလီးယားလက်နက်များ တည်ဆောက်ရေးကိစ္စအပါအဝင် အမေရိကန်၏ စည်းကမ်းသတ်မှတ်ချက်များကို လက်မခံကြောင်း ပြောကြားခဲ့သည်။
“သတင်းဆိုးကတော့ ကျွန်တော်တို့ သဘောတူညီချက် မရသေးဘူးဆိုတာပါပဲ။ ဒါက အမေရိကန်ပြည်ထောင်စုအတွက် သတင်းဆိုးဆိုတာထက် အီရန်အတွက် ပိုပြီး သတင်းဆိုးဖြစ်မယ်လို့ ထင်ပါတယ်” ဟု ဗန့်စ်က ပြောကြားခဲ့သည်။
“ဒါကြောင့် သဘောတူညီချက်မရဘဲ ကျွန်တော်တို့ အမေရိကန်ပြည်ထောင်စုကို ပြန်တာပါ။ ကျွန်တော်တို့ရဲ့ အနီရောင်သတ်မှတ်လိုင်းတွေက ဘာလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ဆွေးနွေးမှုများအတွင်း သမ္မတဒေါ်နယ်ထရမ့်ပ်နှင့် သူ ခြောက်ကြိမ်ခန့် စကားပြောခဲ့ကြောင်းလည်း ဗန့်က ပြောဆိုခဲ့သည်။
အစ္စလာမာဘတ်တွင် ကျင်းပသော ဆွေးနွေးပွဲများသည် ဆယ်စုနှစ်တစ်ခုကျော်အတွင်း ပထမဆုံး အမေရိက-အီရန် တိုက်ရိုက်တွေ့ဆုံမှုဖြစ်ပြီး ၁၉၇၉ ခုနှစ် အစ္စလာမ်မစ်တော်လှန်ရေးနောက်ပိုင်း အမြင့်ဆုံးအဆင့် ဆွေးနွေးမှုများဖြစ်သည်။ ရလဒ်သည် စစ်ပွဲစတင်ကတည်းက အီရန်က ပိတ်ဆို့ထားခဲ့သော ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ထောက်ပံ့မှု၏ ၂၀ ရာခိုင်နှုန်း ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးနှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးရန်ဖြစ်သည်သည်။
ဆွေးနွေးပွဲများ အပြီးသတ်ခဲ့ပြီဖြစ်ကြောင်း X ပေါ်တင်ခဲ့သော ပို့စ်တစ်ခုတွင် အီရန်အစိုးရက ပြောကြားခဲ့ပြီး နှစ်ဖက်စလုံးမှ ကျွမ်းကျင်သူများက စာရွက်စာတမ်းများကို ဖလှယ်ကြမည်ဟု ဆိုခဲ့သည်။
ကွဲလွဲမှုအချို့ ရှိနေဆဲဖြစ်သော်လည်း ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု ပို့စ်တွင် ဆက်လက်ဖော်ပြထားသော်လည်း မည်သည့်အချိန်စတင်မည်ဆိုသည်ကိုမူ ဖော်ပြမထားပေ။
Ref: သယ်ဂါးဒီးယန်း
