၂၀၂၆ ပညာသင်နှစ် အဝေးသင်သင်တန်းများ၏ ကျောင်းဝင်မှတ်ပုံတင်လက်ခံခြင်းကို နောက်ဆုံးအကြိမ်အဖြစ် ဩဂုတ် ၁၄ ရက်အထိ ထပ်မံတိုးမြှင့်လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာနက ဇူလိုင်လကုန်အထိ ကျောင်းဝင်မှတ်ပုံတင်လက်ခံဆောင်ရွက်ပေးခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစေရန် ယခုကဲ့သို့ နောက်ဆုံးအကြိမ် ထပ်မံတိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ်နှင့် ယခင်နှစ်များတွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားသူများအနေဖြင့် ဩဂုတ် ၁၄ ရက်အထိ (စနေနှင့် တနင်္ဂနွေ မပါ) သက်ဆိုင်ရာ တက္ကသိုလ်များတွင် ကိုယ်တိုင်သွားရောက်၍ ကျောင်းဝင်မှတ်ပုံတင်နိုင်ကြောင်း သိရသည်။
ထို့ပြင် ဩဂုတ် ၁၄ ရက်သည် ကျောင်းအပ်နှံခြင်းအတွက် နောက်ဆုံးသတ်မှတ်ရက်ဖြစ်ပြီး ယင်းရက်ကျော်လွန်ပါက မည်သည့်နည်းလမ်းဖြင့်မျှ ကျောင်းအပ်လက်ခံပေးမည်မဟုတ်ကြောင်း သက်ဆိုင်ရာက အသိပေးထားသည်။ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သတ်မှတ်ကာလအတွင်း အချိန်မီ ကျောင်းအပ်နှံကြရန် တိုက်တွန်းထားသည်။
ကျောင်းအပ်နှံရာတွင် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်၊ အမှတ်စာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ မိဘနှစ်ပါး၏ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုဇယား၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာနှင့် လိုင်စင်ဓာတ်ပုံ (၈) ပုံတို့ကို တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
