ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဖြိုးဝေဝင်း ဦးဆောင်သော အထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သည့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ လိပ်ချောင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများအား စလင်းကျောင်းကြီးကျောင်းတိုက်၌ ယနေ့ နံနက် ၉ နာရီမှစတင်ကာ ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်သူ့အကျိုးပြု နယ်လှည့်ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်အတွင်း ဒေသခံပြည်သူများ လာရောက်ဆေးကုသမှုခံယူခဲ့ကြရာ အထွေထွေရောဂါလူနာ ၁၇၁ ဦး၊ ခွဲစိတ်လူနာ ၃၃ ဦး၊ ကလေးလူနာ ၃၃ ဦး၊ အရိုးရောဂါလူနာ ၇၇ ဦး၊ သွားနှင့်ခံတွင်းလူနာ ၁၇ ဦး၊ မျက်စိလူနာ ၅၇ ဦး၊ စိတ်ကျန်းမာရေးနှင့် မူးယစ်ဆေးဖြတ်လူနာ ၃ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါလူနာ ၃၉ ဦးနှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးလူနာ ၇၅ ဦးတို့ကို စစ်ဆေးကုသပေးခဲ့ကြသည်။
ထို့ပြင် မျက်စိအတွင်းတိမ်ခွဲစိတ်ကုသရန် လူနာ ၅ ဦး၊ အထွေထွေခွဲစိတ်ရောဂါလူနာ ၅ ဦးနှင့် အကြောအဆစ်နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးလူနာ ၁၅ ဦး စုစုပေါင်း ၂၅ ဦးအား လိုအပ်သော ခွဲစိတ်ကုသမှုများ ဆက်လက်ဆောင်ရွက်နိုင်ရန် ဟင်္သာတပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုပေးသည့် နေရာသို့ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် ဇနီး ဒေါ်သက်သက်ဦး၊ ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် ဇနီး ဒေါ်ခိုင်ခိုင်လွင်တို့အပါအဝင် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ဆေးကုသမှုခံယူနေသည့် ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကားများ ပြောကြားခဲ့ကြသည်။
အဆိုပါ လုပ်ငန်းများကို နိုင်ငံတော်မှ ဆေးဝါးများ အခမဲ့ထောက်ပံ့ပေးအပ်ထားပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုများနှင့် ဧရာဝတီတိုင်းဒေသကြီး ကုသရေးဦးစီးဌာန၏ ကြီးကြပ်မှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
