ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ဦးဆောင်၍ ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြအခမ်းအနားကို ဇွန် ၂၀ ရက်တွင် ရန်ကုန်မြို့ ကန်တော်ကြီးရေပြင်၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
အဖွင့်အမှာစကား ပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ပရဟိတစိတ်ဓာတ်၊ ကူညီကယ်ဆယ်လိုစိတ်၊ ရဲဝံ့စွန့်စားစိတ်နှင့် ပြည်သူကို ကယ်ဆယ်စောင့်ရှောက်ရမည့် တာဝန်သိစိတ်တို့ဖြင့် သဘာဝဘေးအန္တရာယ်များကို အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရေး လေ့ကျင့်ထားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သရုပ်ပြအစီအစဉ်တွင် မီးသတ်ဦးစီးဌာနနှင့် လူမှုကယ်ဆယ်ရေးအသင်းများမှ ရှာဖွေကယ်ဆယ်ရေးသုံး ရေယာဉ်များဖြင့် တန်းစီမောင်းနှင်ခြင်း၊ ရင်ဘောင်တန်းမောင်းနှင်ခြင်း၊ ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သရုပ်ပြခြင်း၊ ရေပြင်မီးလောင်မှုငြှိမ်းသတ်ခြင်းနှင့် လေတွန်းအားသုံးလှေများ၊ တံတားပုံစံချိတ်ဆက်အသုံးပြုလှေများ မောင်းနှင်ခြင်းတို့ကို အပိုင်း(၄)ပိုင်းခွဲ၍ ပြသခဲ့ကြသည်။
အဆိုပါ သရုပ်ပြအစီအစဉ်တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့ (၂၆) ဖွဲ့မှ အဖွဲ့ဝင်များ စုစုပေါင်း လူအင်အား ၅၀၀ ခန့် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မီးသတ်ဦးစီးဌာန၏ အဓိကတာဝန်ကြီး (၄) ရပ်ဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ယခုကဲ့သို့ ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ပူးပေါင်းလေ့ကျင့်မှုများကို နှစ်စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခုသရုပ်ပြအစီအစဉ်အတွက် ကန်တော်ကြီးရေပြင်၌ (၆) ရက်ကြာ ကြိုတင်လေ့ကျင့်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ကြောင်းလည်း သိရသည်။
