တောင်သမန်အင်းအတွင်း ရေပြည့်လာသဖြင့် သဘာဝရှုခင်းကြည့် အပန်းဖြေလှေစီးခရီးစဉ်များကို ဇွန် ၂၅ ရက်မှစတင်၍ ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း တောင်သမန်ငှက်လှေအသင်းထံမှ သိရသည်။
ဧရာဝတီမြစ်ရေ တောင်သမန်အင်းအတွင်းသို့ စတင်ဝင်ရောက်လာပြီး ရေပြည့်ချိန်ရောက်ရှိလာသဖြင့် အသင်းဝင်လှေပိုင်ရှင်များက လှေစီးဝန်ဆောင်မှုများကို ပြန်လည်ဖွင့်လှစ်ပေးနေခြင်းဖြစ်ပြီး ပြည်တွင်းခရီးသွားများအပြင် ပြည်ပခရီးသွားအချို့လည်း လာရောက်လည်ပတ်နေကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ တောင်သမန်အင်းတွင် နှစ်စဉ် လှေအစီးရေ ၅၀ ခန့်ဖြင့် အပန်းဖြေလှေစီးဝန်ဆောင်မှုများ ပေးလျက်ရှိပြီး လှေစီးခမှာ ခရီးစဉ်အမျိုးအစားပေါ်မူတည်၍ ကျပ် ၁၅,၀၀၀ နှင့်အထက် ကျသင့်ကြောင်း သိရသည်။
ဧရာဝတီမြစ်နှင့် ဆက်စပ်နေသည့် တောင်သမန်အင်းသည် မိုးရာသီအစ ဇွန်လလယ်ခန့်မှစ၍ မြစ်ရေဝင်ရောက်လေ့ရှိပြီး မိုးတွင်းကာလတစ်လျှောက် ဦးပိန်တံတားကြမ်းခင်းအထိ ရေမြင့်တက်လေ့ရှိသဖြင့် သဘာဝရှုခင်းကြည့် လှေစီးအပန်းဖြေခရီးသွားများဖြင့် နှစ်စဉ် စည်ကားလေ့ရှိကြောင်း သိရသည်။
