တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသရှိ ရပ်တန့်နေသည့် ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန် (SEZ) စီမံကိန်းကို ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင်က ဇူလိုင် ၃ ရက်တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၌ ပြောကြားခဲ့သည်။
ယင်းမှာ တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်စိန်၏ ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်စီမံကိန်း ရပ်တန့်နေမှုနှင့်ပတ်သက်သည့် မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဒုတိယဝန်ကြီးက ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံ၌ ကျင်းပခဲ့သည့် မြန်မာ-ရုရှား အစိုးရချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပူးတွဲကော်မရှင် (၅) ကြိမ်မြောက်အစည်းအဝေးအပြီးတွင် ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်အတွင်းနှင့် အနီးဝန်းကျင် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ရည်ရွယ်ချက်စာလွှာ (MOI) ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ပြောကြားသည်။
ထို့နောက် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီသည် မူလ Master Plan ကို အခြေခံ၍ လက်ရှိအခြေအနေနှင့် ကိုက်ညီသည့် စီမံချက်ကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ပူးပေါင်းကာ အဆင့် (၃) ဆင့်ဖြင့် အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် စီမံကိန်းနယ်နိမိတ် သတ်မှတ်နိုင်ရေးအတွက် ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်နေရာ အပြီးသတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ ၂၀၁၄ ခုနှစ် မြန်မာ့အထူးစီးပွားရေးဇုန်ဥပဒေနှင့်အညီ ရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်း၍ လိုအပ်သည့်လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ကာ စီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်လျက်ရှိကြောင်း ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင်က ပြောကြားခဲ့သည်။
