၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားကို ယနေ့ ဇူလိုင် ၆ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲကို ယနေ့ ဇူလိုင် ၆ ရက်မှ ၁၀ ရက်အထိ အမျိုးသားအားကစားပြိုင် ပွဲရုံ (၁) သုဝဏ္ဏတွင် ကျင်းပသွားမည်ဖြစ်ပြီး အမျိုးသားအသင်း ၁၃ သင်း၊ အမျိုးသမီးအသင်း ၁၂ သင်းမှ ကစားသမားစုစုပေါင်း ၁၅၆ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ယနေ့ ဖွင့်ပွဲအပြီးတွင် အမျိုးသားနှင့် အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲများအဖြစ် ပဲခူးတိုင်းဒေသကြီးအသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်း၊ ချင်းပြည်နယ်အသင်းနှင့် နေပြည်တော်အသင်း၊ ရှမ်းပြည်နယ်အသင်းနှင့် ကရင် ပြည်နယ်အသင်းတို့ စတင်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။
စားပွဲတင်တင်းနစ်အားကစား ဝါသနာရှင်များအနေဖြင့် ပြိုင်ပွဲကို အခမဲ့လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် ဝန်ကြီးချုပ် ဦးအောင်နိုင်သူက ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ယခုနှစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ ပြိုင်ပွဲကျင်းပခြင်းသည် မျိုးဆက်သစ် စားပွဲတင် တင်းနစ်အားကစားသမားများ ပေါ်ထွက်လာစေရေး၊ အားကစားသမားများအကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်စေရေးနှင့် မြန်မာ့စားပွဲတင်တင်းနစ်အဆင့်အတန်း မြင့်မားလာစေရေးတို့ကို ရည်ရွယ်ကြောင်း ပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းအစိုးရအဖွဲ့ဝန်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဒိုင် လူကြီးများ၊ နည်းပြများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
