လန်ချန်း-မဲခေါင် ဒေသတွင်းနိုင်ငံများကြား တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများပိုမိုနက်ရှိုင်းစေရန်အတွက် မြန်မာနိုင်ငံမှစေလွှတ်ခန့်အပ်သည့် ရဲအရာရှိ(၃)ဦးသည် လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှုစင်တာ (LMLECC)သို့ရောက်ရှိကာ တာဝန်များစတင်ထမ်းဆောင်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးထံမှ သိရသည်။
အဆိုပါ အသစ်ရောက်ရှိလာသော မြန်မာရဲအရာရှိများအား မေ ၇ ရက်က LMLECC စင်တာတွင် နွေးထွေးစွာကြိုဆိုခဲ့ကြပြီး မြန်မာရဲအရာရှိများသည် တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များတွင် အတွေ့အကြုံကြွယ်ဝသူများဖြစ်၍ ၎င်းတို့အနေဖြင့် ရာထူးတာဝန်အသစ်များတွင် အမြန်ဆုံးအသားကျစေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် စင်တာ၏ လုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ပြီး ပေးအပ်သည့်တာဝန်များကိုကျေပွန်စွာ ထမ်းဆောင်သွားမည်ဖြစ်ကာ လန်ချန်း-မဲခေါင် ဒေသတွင်း တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာလာစေရန် အစွမ်းကုန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာရဲအရာရှိများ LMLECC တွင်တာဝန်ထမ်းဆောင်ခြင်းဖြင့် ဒေသတွင်းနိုင်ငံများကြား ဖြတ်ကျော်မှုခင်းများကို တိုက်ဖျက်ရာတွင် အချိန်နှင့်တစ်ပြေးညီ သ တင်းအချက်အလက်ဖလှယ်နိုင်ရန် မြန်မာရဲအရာရှိများ၏ အခန်းကဏ္ဍသည်အလွန်အရေးကြီးကာ လန်ချန်း-မဲခေါင်အဖွဲ့ဝင်နိုင်ငံများကြား တရားဥပဒေစိုးမိုးရေးဆိုင်ရာ နည်းပညာနှင့် ဗျူဟာများကို အပြန်အလှန် ဖလှယ်ခြင်းဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ စွမ်းဆောင်ရည်ကိုလည်းမြှင့်တင်ပေးနိုင်မည်ဖြစ်သည်။
ယခု ပူးပေါင်းဆောင်ရွက်မှုသည် မဲခေါင်မြစ်ဝှမ်းတစ်လျှောက် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပိုမိုခိုင်မာစေပြီး ဒေသတွင်းနေထိုင်သူများ၏ လူမှုစီးပွားဘဝလုံခြုံမှုကို အထောက်အကူပြုစေမည်ဖြစ်သည်။
