ကွာလာလမ်ပူ၊ စက်တင်ဘာ ၅
အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံ၌ ဖြစ်ပွားနေသည့် တောမီးလောင်ကျွမ်းမှုများမှ ထွက်ပေါ်လာသော မီးခိုးမြူများကြောင့် လေထုညစ်ညမ်းမှု အန္တရာယ်ရှိသည့်အဆင့်သို့ မြင့်တက်လာပြီးနောက် မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်ရှိ ဆီရီယန် (Serian) ခရိုင်တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်ကြောင်း သိရသည်။
ဆီရီယန်ခရိုင်၌ စက်တင်ဘာ ၄ ရက် မွန်းလွဲ ၂ နာရီတွင် လေထုညစ်ညမ်းမှုအညွှန်း (API) ၅၂၁ အထိ မြင့်တက်ခဲ့ပြီး ယင်းသည် ၂၀၂၆ ခုနှစ်အတွင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူများ မလေးရှားနိုင်ငံကို သက်ရောက်မှုရှိလာချိန်မှစ၍ အမြင့်ဆုံးအဆင့်ဖြစ်ကြောင်း သိရသည်။
ဆီရီယန်ခရိုင်တွင် အရေးပေါ်အခြေအနေ ကြေညာရန် မလေးရှားဘုရင် ဆူလ်တန် အီဘရာဟင်မ် အစ်ကန်ဒါက သဘောတူခွင့်ပြုခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ်ရုံးက စက်တင်ဘာ ၄ ရက်တွင် ထုတ်ပြန်သည်။
အဆိုပါဆုံးဖြတ်ချက်ကို လေထုညစ်ညမ်းမှုဒဏ်ခံနေရသည့် ဒေသ၏ လေထုအရည်အသွေးအခြေအနေ၊ ဝန်ကြီးချုပ်၊ ဆာရာဝပ်ပြည်နယ်ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဌာနများ၏ အကြံပြုချက်များကို ထည့်သွင်းစဉ်းစားပြီး ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အရေးပေါ်အခြေအနေ ကြေညာခြင်းဖြင့် ထိခိုက်ခံနေရသည့် ဒေသရှိ ပြည်သူများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးကို ကာကွယ်ရန် ပိုမိုထိရောက်သည့် အစီအမံများ ချမှတ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
အစိုးရအနေဖြင့် အခြေအနေကို ဆက်လက်စောင့်ကြည့်ကာ လေထုညစ်ညမ်းမှု လျှော့ချရေးအစီအမံများ၊ ပြည်သူများထံ လိုအပ်သည့် သတင်းအချက်အလက်များနှင့် ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များ ဖြန့်ဝေခြင်းအပါအဝင် လိုအပ်သည့်လုပ်ငန်းများကို ချက်ချင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံးက ဆိုသည်။
ဆာရာဝပ်ပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌလည်းဖြစ်သူ ပြည်နယ်အတွင်းရေးမှူး ဇိုင်နူဒင် အာမန်က လေထုညစ်ညမ်းမှုအညွှန်း API ၅၀၀ နှင့်အထက် ရောက်ရှိပါက မီးခိုးမြူဆိုင်ရာ အရေးပေါ်အခြေအနေ သို့မဟုတ် ဘေးအန္တရာယ်အခြေအနေ ကြေညာမည်ဖြစ်ကြောင်း ယခင်က ပြောကြားထားသည်။
Ref: The Straits Times
