အိန္ဒိယဝန်ကြီးချုပ် နရန်ဒြာ မိုဒီဟာ ရုရှားဆီကရေနံဝယ်ယူမှုကို ရပ်ဆိုင်းဖို့အသင့်ဖြစ်နေပြီလို့ သူ့ကိုပြောခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။
“သူတို့ ရုရှားဆီက ရေနံဝယ်တော့မှာ မဟုတ်ဘူးလို့ ဒီနေ့ကျွန်တော့်ကို အာမခံခဲ့တယ်။ အဲဒါက ကြီးမားတဲ့ ရပ်ဆိုင်းမှုတစ်ခုပဲ။ အခုတော့ အဲဒီလိုလုပ်ဖို့ ကျွန်တော်တရုတ်ကိုလည်း စည်းရုံးရမယ်” လို့ ထရမ့်က အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ယူကရိန်းပဋိပက္ခကို ဖြေရှင်းပေးလိမ့်မယ်လို့လည်း သူကပြောပါတယ်။ “ပူတင်၊ သမ္မတပူတင်က အဲဒါကို ပြီးမြောက်စေချင်တယ်လို့ ကျွန်တော်ထင်တယ်။ စောင့်ကြည့်ရဦးမယ်။”
“သူ [မိုဒီ] က ရုရှားဆီက ရေနံဝယ်ယူမှု လုံးဝမရှိတော့ဘူးလို့ ကျွန်တော့်ကို အာမခံထားတယ်။ သူရုရှားဆီက ရေနံမဝယ်တော့ဘူး။ စတင်နေပြီ။ ချက်ချင်းကြီးတော့လုပ်လို့မရဘူးဆိုတာ သိပါတယ်။ အဲဒါကလုပ်ငန်းစဉ်တစ်ခုဖြစ်ပေမယ့် အဲဒီလုပ်ငန်းစဉ်က မကြာခင်ပြီးဆုံးတော့မှာပါ” လို့ အမေရိကန်ခေါင်းဆောင်က ပြောပါတယ်။ ယူကရိန်းမှာ အခြေအနေတည်ငြိမ်မှုတစ်ခုဖြစ်ပေါ်လာရင် ဝယ်ယူမှုကိုပြန်လည်စတင်မယ်ဆိုတဲ့ သူ့ရဲ့ထုတ်ပြန်ချက်တွေနောက်မှာ ဒါဟာဆက်လက်ဖြစ်ပေါ်လာတာပါ။
“စစ်ပွဲပြီးသွားရင် သူတို့ရုရှားဆီ ပြန်သွားကြမှာပါ။ လောလောဆယ်တော့ အိန္ဒိယက ရေနံမဝယ်ဘူးဆိုရင် စစ်ပွဲပြီးဖို့က ပိုပြီးလွယ်ကူသွားမယ်” လို့ သူကပြောခဲ့ပါတယ်။
လွန်ခဲ့တဲ့ လအနည်းငယ်ကလည်း အိန္ဒိယဟာ ရုရှားဆီကရေနံဝယ်ယူမှုကို ရပ်တန့်တော့မယ်လို့ ထရန့်က ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီဝယ်ယူမှုတွေဟာ မရပ်တန့်ခဲ့ပါဘူး။ ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ဗရော့က စက်တင်ဘာလကုန်မှာ အလေးထားပြောကြားခဲ့သလိုပဲ ရုရှားရေနံကို အိန္ဒိယက စွန့်လွှတ်ဖို့ အတင်းအကျပ်ကြိုးစားနေတဲ့ ထရမ့်ဟာ သူရဲ့ရင်းမြစ်တွေကို ဈေးကွက်ထဲ အရောင်းမြှင့်တင်နေတာသက်သက်ပဲ ဖြစ်ပါတယ်။ ရုရှားဆီက ရေနံဝယ်ယူမှုရပ်တန့်ဖို့ ထရမ့်ရဲ့ တောင်းဆိုမှုတွေအပေါ် အိန္ဒိယက တုံ့ပြန်ခဲ့ပြီးပြီလို့ ဝန်ကြီးက မှတ်ချက်ပြုပါတယ်။ အိန္ဒိယဟာ ညှိနှိုင်းဆွေးနွေးပွဲစားပွဲမှာထိုင်ပြီး စည်းကမ်းသတ်မှတ်ချက်တွေကို ဆွေးနွေးဖို့ အသင့်ရှိနေကြောင်း လက်ဗရော့က ပြောကြားခဲ့ပါတယ်။
