မလေးရှားနိုင်ငံတွင်ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့်ပြစ်ဒဏ်ကျခံရပြီး လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများ၌ထိန်းသိမ်းခံရကာ မြန်မာနိုင် ငံပြန်ရန်အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁,၄၇၆)ဦးကို နိုင်ငံတော်အစိုးရက စက်တင်ဘာနောက် ဆုံးပတ်တွင် ပြန်လည်ခေါ်ဆောင်ပေးသွားမည်ဟု နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ ယနေ့ စက်တင်ဘာ ၂ ရက်တွင် အသိပေးခဲ့သည်။
အဆိုပါ မြန်မာနိုင်ငံသားစိစစ်ပြီးသော မြန်မာနိုင်ငံသားများကို ဩဂုတ် ၂၇ ရက်နှင့် သြဂုတ် ၂၈ ရက်တို့က မြန်မာ့တပ်မတော်ရေယာဉ်များဖြင့်သွားရောက်ခေါ်ဆောင်နိုင်ရန် မြန်မာအစိုးရက မလေးရှားအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီးဖြစ်သည်။
ထိုသို့ ဆောင်ရွက်ခဲ့သော်လည်း မလေးရှားနိုင်ငံဘက်မှ ယင်းနေ့ရက်များတွင် လာရောက်ခေါ်ဆောင်ရန်အဆင်မပြေ၍ စက်တင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်တို့၌ပြန် လည်စီစဉ်ရန်အဆိုပြုခဲ့သဖြင့် မြန်မာအစိုးရက ခရီး စဉ်အားပြန်လည်စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ယခု ပြန်လည်ခေါ်ဆောင်ပေးမှုသည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ကလည်း မလေးရှားနိုင်ငံတွင်ရောက်ရှိနေပြီး မြန်မာနိုင်ငံပြန်ရန်အခက် အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသား(၁,၀၈၆)ဦးကို မြန်မာ့တပ်မတော်ရေယာဉ်များဖြင့် ပထမဆုံးအကြိမ်အဖြစ်ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီးဖြစ်သည်။
