Home International မလေးရှားက နော်ဝေထံမှ လျော်ကြေး ဒေါ်လာသန်း ၂၅၀ ကျော် တောင်း

မလေးရှားက နော်ဝေထံမှ လျော်ကြေး ဒေါ်လာသန်း ၂၅၀ ကျော် တောင်း

0
87

မလေးရှားတိုက်ခိုက်ရေးသင်္ဘောများအတွက် ရည်ရွယ်ထားသော ရေတပ်တိုက်ခိုက်ရေးဒုံးကျည်စနစ်အတွက် ပို့ကုန် သဘောတူ အတည်ပြုချက်များကို အော်စလိုက  ရုတ်တရက် ဖျက်သိမ်းခဲ့ပြီးနောက် ရင်းဂစ် ၁ ဘီလျံ(ဒေါ်လာ ၂၅၁ ဒဿမ ၇၆ သန်း) ကျော် လျော်ကြေးပေးရန် နော်ဝေသို့ အကြောင်းကြားစာနို့တစ် ပေးပို့ခဲ့ကြောင်း မလေးရှားကာကွယ်ရေးဝန်ကြီးက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

အော်စလို၏ ပို့ကုန်ထိန်းချုပ်မှုစည်းမျဉ်း စည်းကမ်းများတွင် အပြောင်းအလဲတစ်ခုကြောင့် မလေးရှားသို့ သီးခြားကာကွယ်ရေးနည်းပညာတင်ပို့မှု လိုင်စင်အချို့ကို ရုပ်သိမ်းခဲ့ကြောင်း နော်ဝေက ပြောကြားခဲ့သည်။ ယင်းဆုံးဖြတ်ချက်သည် မလေးရှားကို အံ့အားသင့်စေခဲ့ပြီး သံတမန်ရေးအငြင်းပွားမှုကို ဖြစ်စေခဲ့ကာ အဆိုပါလုပ်ရပ်သည် တစ်ဖက်သတ်ဆန်သော လက်မခံနိုင်စရာလုပ်ရပ်ဟု ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က မှတ်ချက်ပြုခဲ့သည်။ အစိုးရအနေဖြင့် တိုက်ရိုက်နှင့် သွယ်ဝိုက် ကုန်ကျစရိတ်နှစ်မျိုးစလုံးအတွက် လျော်ကြေးတောင်းခံမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး မိုဟာမက် ခါလက်နော်ဒင်က ပြောကြားခဲ့ပြီး မလေးရှားသည် ဒုံးကျည်စနစ်များအတွက် စာချုပ်တန်ဖိုး၏ ၉၅ ရာခိုင်နှုန်း သို့မဟုတ် ဒေါ်လာ ၁၄၆ ဒဿမ ၆၆ သန်းခန့်ကို ပေးချေပြီးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် မလေးရှားသည် နော်ဝေလုပ်ဒုံးကျည်များ ကိုထားရှိရန်အတွက် သင်္ဘောများပေါ်ရှိ ပစ္စည်းကိရိယာများ ဖြုတ်တပ်ခြင်းနှင့် အစားထိုးခြင်း ကုန်ကျစရိတ်အပြင် ပြန်လည်လေ့ကျင့်ပေးသည့် ဝန်ထမ်းများအတွက် ကုန်ကျစရိတ်များကိုပါ ကာမိစေရန်အတွက် ထပ်တိုးပျက်စီးဆုံးရှုံးမှုများကိုလည်း တောင်းဆိုမည်ဖြစ်ကြောင်း ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။

     

နော်ဝေ၏ ဆုံးဖြတ်ချက်သည် နိုင်ငံတကာ ကာကွယ်ရေးမိတ်ဖက်များ၊ အထူးသဖြင့် အနောက်နိုင်ငံများ သို့မဟုတ် နေတိုးနိုင်ငံများအနေဖြင့် ၎င်းတို့၏ ယုံကြည်စိတ်ချရမှုနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာများ ဖြစ်ပေါ်စေခဲ့သည်ဟု မိုဟာမက်ခါလက်က ပြောကြားခဲ့သည်။

  မိမိတို့နှင့် ဖြစ်ပျက်ခဲ့သည်မှာ ကာကွယ်ရေး အရောင်းအဝယ်ပြဿနာတစ်ခုမျှသာမဟုတ်ဘဲ ၎င်းသည် ပိုမိုကြီးမားသော ပြဿနာတစ်ခုကို ထင်ဟပ်ကြောင်း၊ ဆိုလိုသည်မှာ နိုင်ငံတကာဆက်ဆံရေးတွင် ယုံကြည်မှု ယိုယွင်းလာခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

       

မလေးရှား၏ လျော်ကြေးတောင်းဆိုမှုအပေါ် မှတ်ချက်ပေးရန် တောင်းဆိုချက်ကို နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနက လတ်တလောတွင် တုန့်ပြန်ဖြေကြားခဲ့ခြင်း မရှိပေ။

Ref: အေအိုအယ်လ်

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here