ဆောက်လုပ်ရေးသုံးပစ္စည်းနှင့် စက်သုံးဆီတင်သွင်းမှုမြင့်တက်ခဲ့ဟု စီးပွားကူးသန်းဝန်ကြီးပြော
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း မန္တလေးငလျင်၏ သက်ရောက်မှုနှင့် ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာမှုကြောင့် သွင်းကုန်တန်ဖိုးမြင့်တက်ခဲ့ပြီး ကုန်သွယ်မှုလိုငွေဖြစ်ပေါ်ခဲ့ကြောင်း အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြောကြားသည်။
အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ၏ (၁/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
အစိုးရသစ်လက်ထက်တွင် အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီကို ပြန်လည်ဖွဲ့စည်းပြီးနောက် ပထမဆုံးအကြိမ် ကျင်းပသည့် အစည်းအဝေးဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း မန္တလေးငလျင်ကြီးကြောင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများကို အများအပြားတင်သွင်းခဲ့ရသည့်အပြင် ကမ္ဘာတစ်ဝန်း စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာမှုကြောင့် သွင်းကုန်တန်ဖိုးမြင့်တက်ခဲ့ပြီး ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်ခဲ့ကြောင်း ပြောကြားသည်။
ထို့ပြင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ကုန်သွယ်မှုလိုငွေမဖြစ်ပေါ်စေရေးအတွက် နိုင်ငံတော်အနေဖြင့် သွင်းကုန်အစားထိုး ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် ယင်းထုတ်ကုန်များကို အဓိကထုတ်လုပ်နေသည့် MSMEs လုပ်ငန်းများအား အထူးအလေးထား အားပေးမြှင့်တင်သွားမည်ဖြစ်ကြောင်း ဆိုသည်။
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) ကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ဦးစားပေးကဏ္ဍ ၁၄ ခုနှင့် အထောက်အကူပြုကဏ္ဍ ၅ ခု စုစုပေါင်း ကဏ္ဍ ၁၉ ခုကို ရွေးချယ်ထားပြီး ယင်းအစီအစဉ်အား ပြည်ထောင်စုအစိုးရအဖွဲ့၏ (၂/၂၀၂၆) ကြိမ်မြောက်အစည်းအဝေးမှ အတည်ပြုပြီးဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ ကဏ္ဍ ၁၉ ခုအတွက် လုပ်ငန်းစီမံချက်များ ရေးဆွဲအတည်ပြုပြီးပါက နိုင်ငံတော်က ချမှတ်ထားသည့် ဦးတည်ချက်များနှင့် ဟန်ချက်ညီစွာ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
အစည်းအဝေးတွင် အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများကို တင်ပြဆွေးနွေးခဲ့ကြပြီး ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးကို ရှေ့ရှု၍ လမ်းညွှန်မှာကြားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
