ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသည် ကမ္ဘာ့အစီအစဉ်၏ အဓိကအခြေခံဖြစ်နေဆဲဖြစ်ပြီး မကြာသေးမီက ဖြစ်ပွားခဲ့သည့် ပဋိပက္ခများက ဆွေးနွေးညှိနှိုင်းမှုနှင့် သံတမန်ရေး၏ အရေးပါမှုကို ပိုမိုထင်ရှားစေကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ် ဂျေးရှန်ကာက မေ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါပြောကြားချက်ကို အီရန်နှင့် ယူအေအီးတို့အကြား တင်းမာမှုများ ရှိနေသည့် BRICS အဖွဲ့၏ နှစ်ရက်ကြာ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် နူးဒေလီမြို့၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးက ကမ္ဘာ့အစီအစဉ်ရဲ့ အဓိကအချက်အချာ ဖြစ်နေဆဲပါ။ မကြာသေးခင်က ပဋိပက္ခတွေဟာ ဆွေးနွေးညှိနှိုင်းမှုနဲ့ သံတမန်ရေးရဲ့ အရေးပါမှုကို မီးမောင်းထိုးပြနေပါတယ်” ဟု ဂျေးရှန်ကာက ပြောကြားခဲ့သည်။
BRICS အဖွဲ့ကို ဘရာဇီး၊ ရုရှား၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့က စတင်တည်ထောင်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် တောင်အာဖရိကနိုင်ငံ ပါဝင်လာကာ တိုးချဲ့ဖွဲ့စည်းခဲ့သည်။ နောက်ပိုင်းတွင် အီဂျစ်၊ အီသီယိုးပီးယား၊ အင်ဒိုနီးရှား၊ အီရန်နှင့် ယူအေအီးတို့လည်း အဖွဲ့ဝင်နိုင်ငံများအဖြစ် ပါဝင်လာခဲ့ကြသည်။
အိန္ဒိယနိုင်ငံသည် ၂၀၂၆ ခုနှစ်အတွက် BRICS အဖွဲ့၏ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်လျက်ရှိသည်။
နူးဒေလီမြို့တွင် ကျင်းပသည့် အစည်းအဝေးသို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီနှင့် ယူအေအီး ဒုတိယနိုင်ငံခြားရေးဝန်ကြီး ခါလီဖာ ရှာဟင်း အယ်လ် မာရာရ်တို့အပါအဝင် အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အီရန်နှင့် အမေရိကန်၊ အစ္စရေးတို့အကြား ဖြစ်ပွားနေသည့် ပဋိပက္ခအခြေအနေများကြောင့် အစည်းအဝေးအပြီး ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်နိုင်ရေးမှာ စိန်ခေါ်မှုများ ရှိနေကြောင်းလည်း သုံးသပ်မှုများ ထွက်ပေါ်နေသည်။
“BRICS အဖွဲ့ဟာ အပြုသဘောဆောင်ပြီး တည်ငြိမ်မှုကို အထောက်အကူပြုတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာမယ်ဆိုတဲ့ မျှော်လင့်ချက်တွေဟာ အထူးသဖြင့် ထွန်းသစ်စဈေးကွက်တွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကြားမှာ ပိုမိုမြင့်တက်လာနေပါတယ်” ဟု ဂျေးရှန်ကာက ထပ်မံပြောကြားခဲ့သည်။
Ref: International News Agency
