အစ္စလာမာဘတ်၊မေ ၁၀
ပါကစ္စတန်နိုင်ငံသည် လေကြောင်းခရီးစဉ်အားလုံးအတွက် ၎င်း၏လေပိုင်နက်ကို အပြည့်အဝ ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ပါကစ္စတန်လေဆိပ်များအာဏာပိုင် (PAA) ကပြောကြားခဲ့သည်။
“ပါကစ္စတန်ရဲ့လေပိုင်နက်ကို ပျံသန်းမှုခရီးစဥ်အမျိုးအစားအားလုံးအတွက် အပြည့်အဝပြန်ဖွင့်ထားပါတယ်” ဟုလည်း PAA ပြောရေးဆိုခွင့်ရှိသူက ရှင်းဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။
အိန္ဒိယနှင့်ပါကစ္စတန်အကြား ယခုသီတင်းပတ်အစောပိုင်းကဖြစ်ပွားခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် လေကြောင်းလုံခြုံရေးဆိုင်ရာချိုးဖောက်မှုများအတွက် စိုးရိမ်မှုများမြင့်တက်လာကာခရီးစဥ်များလည်းရပ်နားခဲ့ရသည်။
သို့သော် ယခုလို ပါကစ္စတန်လေပိုင်နက်ကို အပြည့်အဝပြန်လည်ဖွင့်လှစ်လိုက်ခြင်းသည် နှစ်ဖက်ကြားရှိ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို လိုက်နာသည့်ပြယုဂ်တစ်ခုလည်းဖြစ်သည်။
လေယာဉ်ခရီးစဉ်ပျံသန်းမှုအချိန်ဇယားများနှင့် လုပ်ငန်းလည်ပတ်မှုအပြောင်းအလဲများဆိုင်ရာ နောက်ဆုံးရသတင်းများအတွက် ခရီးသည်များအနေဖြင့် ၎င်းတို့၏ သက်ဆိုင်ရာလေကြောင်းလိုင်းများတွင်စစ်ဆေးအတည်ပြုရန်လည်း ပြောရေးဆိုခွင့်ရှိသူက အကြံပြုပြောကြားခဲ့သည်။
Source : ရှင်းဟွာ
