နေပြည်တော်ရှိ ကျေးရွာ(၆)ရွာမှ နွေစပါးစိုက်ပျိုးမည့်တောင်သူများအား မြန်မာ့သြဘာကောမတ် G-46 ပုလဲဓာတ်မြေသြဇာတစ်အိတ်လျင်(၁၀၀,၅၀၀)ကျပ်နှုန်း တိုက်ရိုက်လက်ငင်းငွေချေစနစ်ဖြင့် လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်းကျေးရွာရှိ စိုက်ပျိုးရေးနည်းပညာစင်တာ၌ ယနေ့ ဧပြီ ၁၉ ရက်ကရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရောင်းချပေးနေမှုအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦး မင်းနောင်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးဇော်သိမ်းတို့မှ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်က တောင်သူများအနေဖြင့် သွင်းအားစုဓာတ်မြေသြဇာများသုံးစွဲရာတွင် အလေအလွင့်မဖြစ်ပေါ်စေရေး၊ သီးနှံသက်တမ်းအ လိုက်ထည့်သွင်းရမည့်ပမာဏထည့်သွင်းနည်းစနစ်များအတိုင်း သွင်းအားစုများအား မှန်မှန်ကန်ကန်အသုံးပြုပြီး ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ပြည်တွင်းစားသုံးမှုဖူ လုံပိုလျှံရေးအပြင် ပြည်ပသို့ဆန်တင်ပို့မှုမြှင့်တင်နိုင်ရေးကြိုးပမ်းကြရန်တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့အတူ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးဇော်သိမ်းကလည်း တောင်သူများအတွက်လိုအပ်သည့် သွင်းအားစုဓာတ်မြေသြဇာများကို တောင်သူများလက်ဝယ်အချိန်မှီရောက်ရှိရေးဆက်လက်စီမံဆောင်ရွက်ပေးမည်ဟုပြောကြားခဲ့ကြောင်း သိရသည်။