ဗန်ကောက်၊ စက်တင်ဘာ ၄
ထိုင်းနိုင်ငံ၊ ပရာကျွပ်ခီရီခန်ခရိုင်၊ ဟွာအင်းမြို့နယ်တွင် အမှိုက်သိမ်းယာဉ်အမိုးပေါ် လိုက်ပါလာစဉ် ပြုတ်ကျကာ အသက်ဆုံးရှုံးခဲ့သည့် မြန်မာအလုပ်သမားအတွက် ကျန်ရစ်သူမိသားစု နစ်နာကြေးရရှိရေး အလုပ်သမားသံအရာရှိရုံးက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သေဆုံးသူမှာ ဟွာအင်းမြို့နယ်ရှိ အမှိုက်သိမ်းဝန်ဆောင်မှုလုပ်ငန်းတစ်ခုတွင် လုပ်ကိုင်နေသူ ဦးသန်းမင်းထွန်း (ခ) သဲမင်းထွန်း ဖြစ်သည်။
၎င်းသည် ဩဂုတ် ၂၉ ရက် နံနက် ၃ နာရီခွဲခန့်တွင် အမှိုက်သိမ်းယာဉ်အမိုးပေါ်မှ လိုက်ပါလာစဉ် ကွန်ကရစ်လမ်းပေါ်သို့ အရှိန်ဖြင့် ပြုတ်ကျကာ ဦးခေါင်းထိခိုက်ဒဏ်ရာ ရရှိခဲ့သဖြင့် ဟွာအင်းဆေးရုံသို့ ပို့ဆောင်စဉ် အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ အကူအညီတောင်းခံလာသဖြင့် အလုပ်သမားသံအရာရှိရုံး (ဗန်ကောက်) မှ တာဝန်ရှိသူများသည် ဩဂုတ် ၃၁ ရက်တွင် အဆိုပါ အလုပ်ခွင်သို့ သွားရောက်စုံစမ်းမေးမြန်းခဲ့သည်။ စက်တင်ဘာ ၂ ရက်တွင် ထပ်မံသွားရောက်ခဲ့ပြီး ဟွာအင်းဆေးရုံကြီး၌ ထားရှိသည့် သေ ဆုံးသူ၏ ရုပ်အလောင်းအား ထုတ်ယူကာ ဝနောင်ဖရန်ဖွတ် ဘုန်းကြီးကျောင်းသို ကူညီပိုဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်သည် အလုပ်ခွင်နှင့် ဆက်စပ်၍ အသက်ဆုံးရှုံးခဲ့ရသည့်အတွက် ကျန်ရစ်သူမိသားစုဝင်များအနေဖြင့် ထိုင်းနိုင်ငံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ရသင့်ရထိုက်သည့် နစ်နာကြေးများ ရရှိနိုင်ရေးအတွက် အလုပ်သမားသံအရာရှိရုံးက ဆက်လက်ကူညီ ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
