ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ တိုက်ခန်းတစ်ခုတွင် ဇနီးဖြစ်သူကို သတ်ဖြတ်ပြီး အပိုင်းပိုင်းဖြတ်တောက်ကာ ပလပ်စတစ်သေတ္တာအတွင်း ထည့်ထားခဲ့သည်ဟု သံသယရှိသော မြန်မာနိုင်ငံသားတစ်ဦးကို ရန်ကုန်မြို့တွင် ဖမ်းဆီးရမိခဲ့သည်။
ဖက်ချာဘူရီလမ်းအနီးရှိ ဘားတစ်ခုတွင် စားဖိုမှူးအဖြစ် လုပ်ကိုင်နေသော အသက် ၃၆ နှစ်အရွယ် အောင်ပြည့်ဆိုသူကို ထိုင်းနှင့် မြန်မာအာဏာပိုင်များ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က စနေနေ့တွင် ပြောကြားခဲ့သည်။
အမှတ် ၁ မြို့တော်ရဲဌာနမှ ဒုတိယတပ်မှူး ရဲမှူးကြီး ဆက်ကယာသည် တာ့ခ်ပြည်နယ် မဲဆောက်ခရိုင်သို့ သွားရောက်ပြီး လူဝင်မှုစစ်ဆေးရေးဂိတ်တွင် သံသယရှိသူကို လွှဲပြောင်းရယူ၍ ထိုင်းနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ကာ တရားဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
ဘန်ကောက်မြို့ ကလောင်တိုအီဒေသတွင် ဘားစားပွဲထိုးအဖြစ် လုပ်ကိုင်နေသော မြန်မာနိုင်ငံသား မအေးအေးနွယ်(၃၄ နှစ်) ၏ အလောင်းကို တွေ့ရှိခဲ့ပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
သေဆုံးသူ၏ ခင်ပွန်းကို အဓိကသံသယရှိသူအဖြစ် ရဲများက ဖော်ထုတ်ခဲ့သည်။ လုံခြုံရေးကင်မရာများအရ သူသည် အခင်းဖြစ်နေရာမှ ထွက်ခွာသွားပြီး နောက်ပိုင်းတွင် ခရီးသည်တင်ဗင်ကားတစ်စီးဖြင့် ဘန်ကောက်မှ မဲဆောက်သို့သွားရောက်၍ မြန်မာနိုင်ငံတွင်းသို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးသွားခဲ့သည်။
ဇနီးသည်တွင် နောက်ထပ်လက်တွဲဖော်ရှိနေသည်ဟု သံသယရှိသူက စွပ်စွဲခဲ့ပြီးနောက် မနာလိုစိတ်ဖြင့် လူသတ်မှုဖြစ်ခဲ့ခြင်းဟု အာဏာပိုင်များက ယုံကြည်ထားသည်။
Din Daeng ရဲစခန်းမှ စုံစမ်းစစ်ဆေး ရေးမှူးများသည် ရာဇဝတ်တရားရုံးမှ ဖမ်းဝရမ်းကို ရရှိပြီးနောက် အောင်ပြည့်ကို ကြိုတင်ကြံစည် လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှုတို့ဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရသည်။
Ref: ဘန်ကောက်ပို့စ်
