တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် အာရပ်ကမ္ဘာ၏ လူဦးရေအများဆုံးနိုင်ငံဖြစ်သော အီဂျစ်သို့ အင်္ဂါနေ့တွင် ရောက်ရှိလာခဲ့သည်။ အီရန်စစ်ပွဲ၏ နောက်ဆက်တွဲဆိုးကျိုးများကြားတွင် အရှေ့အလယ်ပိုင်းတစ်လွှားရှိ နိုင်ငံများသည် လုံခြုံရေးနှင့် စီးပွားရေးဆက်ဆံရေးများကို ပြန်လည်အကဲဖြတ်နေကြချိန်တွင် ရှီ၏ ခရီးစဉ်ထွက်ပေါ်လာသည်။
အီရန်ပဋိပက္ခသည် ကမ္ဘာ့စွမ်းအင်ဈေးကွက်များကို အနှောင့်အယှက်ဖြစ်စေခဲ့ပြီး ဒေသတွင်းနိုင်ငံများသည် အမေရိကန်ပြည်ထောင်စုကို ရေရှည်လုံခြုံရေးမိတ်ဖက်အဖြစ် အားကိုး၍ရနိုင်မည်လားဆိုသော မေးခွန်းများကို ပေါ်ပေါက်စေခဲ့သည်။
အီဂျစ်သမ္မတ အဗ္ဗဒယ် ဖာတာ အယ်လ်စီစီသည် ကိုင်ရိုနိုင်ငံတကာလေဆိပ်တွင် ရှီကျင့်ဖျင်ကို ကြိုဆိုနှုတ်ဆက်ခဲ့ပြီး ယူနီဖောင်းဝတ်စစ်သားများ၊ ရိုးရာအကဖျော်ဖြေသူများနှင့် တရုတ်နိုင်ငံအလံများကို ဝှေ့ယမ်းနေသော အီဂျစ်လူငယ်များ ဝဲယာခြံရံထားသည့် ရှည်လျားသော ကောဇောနီပေါ်တွင် လျှောက်လှမ်းခဲ့ကြကြောင်း အီဂျစ်နိုင်ငံပိုင် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသခဲ့သည်။
ပေကျင်းနှင့် ကိုင်ရို၏ ကြီးထွားလာသော စီးပွားရေး၊ စစ်ရေးဆက်ဆံရေးနှင့် လွန်ခဲ့သော နှစ် ၇၀ က တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးထူထောင်ခဲ့သော ပထမဆုံး အာရပ်-အာဖရိကနိုင်ငံအဖြစ် အီဂျစ်၏ အခန်းကဏ္ဍကို ပြီးခဲ့သည့် သီတင်းပတ်တွင် အီဂျစ်နိုင်ငံပိုင်မီဒီယာများက ဂုဏ်ပြုဖော်ပြခဲ့ကြသည်။
“အီဂျစ်နှင့် တရုတ်တို့သည် နိုင်ငံတကာစနစ်တွင် ကမ္ဘာ့တောင်ပိုင်း၏ အခန်းကဏ္ဍကို အားကောင်းစေရန် အတူတကွ ပံ့ပိုးပေးသည့် မိတ်ဖက်များဖြစ်လာခဲ့သည်” ဟု နိုင်ငံပိုင်သတင်းစာ အယ်လ်-အာရမ်တွင် အယ်လ်စီစီက အမှာစာရေးသားခဲ့သည်။
ရှီသည် ကာဂျစ်စတန်နိုင်ငံတွင် ကျင်းပသော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးတွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အခြားခေါင်းဆောင်များနှင့် ပြောဆိုဆွေးနွေးမှုများလုပ်ခဲ့ပြီးနောက် ယခု ခရီးစဉ်သည် ယခုနှစ်အတွင်း သူ၏ ဒုတိယမြောက် ပြည်ပခရီးစဉ်ဖြစ်သည်။
ရှီက နှစ်နိုင်ငံသည် အင်ပါယာဝါဒနှင့် ကိုလိုနီဝါဒကို ရင်ဆိုင်ရာတွင် “နီးကပ်သော ညီအစ်ကိုများ” ဖြစ်ကြောင်းနှင့် ပိုမိုနက်ရှိုင်းသော မိတ်ဖက်ဆက်ဆံရေးကို ရှာဖွေရန် မျှော်လင့်ကြောင့် ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံပိုင် ရှင်းဟွာသတင်းဌာနက သတင်းဖော်ပြခဲ့သည်။
Ref: အယ်လ် မော်နီတာ
