စင်ကာပူနိုင်ငံအနေဖြင့် လာမည့်နှစ်တွင် အရှေ့တီမောနိုင်ငံမှ အလုပ်သမားများအတွက် ရွေးချယ်ထားသည့် လုပ်ငန်းကဏ္ဍများနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းအချို့ကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း စင်ကာပူဝန်ကြီးချုပ် လောရင့်စ်ဝေါင်း က သောကြာနေ့တွင် ကြေညာခဲ့သည်။
မြို့တော်ဒီလီ တွင် ပြုလုပ်သည့် အရှေ့တီမောဝန်ကြီးချုပ် ရှာနာနာ ဂတ်စ်မ နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ “အခုလို လုပ်ဆောင်ပေးတာဟာ အရှေ့တီမောနိုင်ငံသားတွေအတွက် အခွင့်အလမ်းသစ်တွေ ဖန်တီးပေးနိုင်မှာဖြစ်သလို၊ ကျွန်တော်တို့နိုင်ငံအချင်းချင်း စီးပွားရေးနဲ့ ပြည်သူအချင်းချင်း ဆက်ဆံရေးကိုလည်း ပိုမိုခိုင်မာစေမှာ ဖြစ်ပါတယ်” ဟု ဝေါင်းက ပြောကြားခဲ့သည်။
စင်ကာပူဝန်ကြီးချုပ်တစ်ဦးအနေဖြင့် ပထမဆုံးအကြိမ် လာရောက်သည့် ယခုခရီးစဉ်သည် အရှေ့တီမောနိုင်ငံအနေဖြင့် အာဆီယံ ၏ တင်းပြည့်အဖွဲ့ဝင်နိုင်ငံ ဖြစ်လာပြီးနောက် တစ်နှစ်အကြာတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။
ဝန်ကြီးချုပ် လောရင့်စ်ဝေါင်းက နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို “နောက်ထပ် အဆင့်တစ်ခု” သို့ မြှင့်တင်နိုင်မည့် ကဏ္ဍအချို့ကို ချပြခဲ့သည်။
နှစ်နိုင်ငံလုံးရှိ အစိုးရများအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေခံတစ်ခု ဖြစ်လာစေရန်အတွက် နှစ်နိုင်ငံအရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ ဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေးနိုင်ရန် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှနန် နှင့် အရှေ့တီမောနိုင်ငံခြားရေးဝန်ကြီး ဘန်ဒီတို ဒိုဆန်းတို့စ် ဖရီတပ်စ်တို့သည် ပုံမှန်တိုင်ပင်ဆွေးနွေးမှုဆိုင်ရာ ယန္တရား တစ်ခုကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ဝေါင်းက ဆိုသည်။
ထို့အပြင် စင်ကာပူနိုင်ငံအနေဖြင့် အရှေ့တီမောနိုင်ငံ အာဆီယံအဖွဲ့အတွင်းသို့ ပေါင်းစည်းဝင်ရောက်မည့် လုပ်ငန်းစဉ်များအပေါ် ဆက်လက်ပံ့ပိုးကူညီသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
Ref: ဆော့သ်ချိုင်းနားမောနင်းပို့စ်
