ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစခန်းတွင် အကျဥ်းကျခံနေရသည့် မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသူများကို စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများလှူဒါန်းခဲ့ကြောင်း သိရသည်။
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ်ဦးမင်းကျော်လင်းနှင့် ချင်းမိုင်မြို့အခြေစိုက် ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်ရုံးများမှ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်များနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန(ချင်းမိုင်ရုံး)မှ ညွှန်ကြားရေးမှူးတို့မှ ဧပြီ ၈ ရက်ကလှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသူများ၏ နေထိုင်စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိမှု၊ အကျဉ်းသူများ၏ တစ်နေ့တာဆောင်ရွက်ရသည့်လုပ်ငန်းစဉ်များနှင့် အကျဉ်းသူများအား လေ့ကျင့်သင်ကြားပေးနေသည့် အသက်မွေး ဝမ်းကျောင်းဆိုင်ရာသင်တန်းများ၊ ဘာသာစကားသင် တန်းများနှင့် စိတ်ကျန်းမာပျော်ရွှင်စေမည့်လေ့ကျင့်ခန်းများဆောင်ရွက်နေမှုတို့ကိုကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသားများအတွက်လိုအပ်သည့် တစ်ကိုယ်ရည်အသုံးဆောင်ပစ္စည်းများ၊ မြန်မာအစား အစာများအပါအဝင် အသင့်စားအစားအစာများနှင့် အကျဉ်းကျခံစဉ်မွေးဖွားခဲ့သည့် ကလေးများအတွက် အသုံးအဆောင်ပစ္စည်းများကိုလှူဒါန်းပြီး အကျဉ်းသူများပြုလုပ်ရောင်းချသော လက်မှုပစ္စည်းများကို ဝယ်ယူအားပေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ကောင်စစ်ဝန်ချုပ်က ထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသားအကျဉ်းသူ(၁၅၀)ဦးကျော်အတွက် သင့်လျော်သောကျန်းမာရေးစောင့်ရှောက်မှုများပေး အပ်ရေးနှင့် မြန်မာနိုင်ငံရှိ မိဘဆွေမျိုးများထံဆက်သွယ်နိုင်ရေး၊ ကောင်စစ်ရေးရာဆက်သွယ်ဆောင်ရွက်ခွင့်ရရှိရေးတို့ကို အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစ ခန်း၏ ညွှန်ကြားရေးမှူး Ms. Wipornpak Kaiboonsri နှင့်ဆွေးနွေးခဲ့ကြောင်း သိရသည်။
