ကလော၊စက်တင်ဘာ ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်အတွင်း ပြီးခဲ့သည့် မိုးရာသီက မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေမြင့်တက်မှုကြောင့် ပျက်စီးသွားခဲ့သည့် သံကွန်ကရစ်တံတားနေရာတွင် အစားထိုး တံတားသစ် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကလောမြို့နယ်၊ အင်းပြင်ကျေးရွာအနီးရှိ ပျက်စီးသွားသည့် အဆိုပါတံတားနေရာတွင် ရာသီမရွေး သွားလာနိုင်ရေးအတွက် အမြဲတမ်းတံတားသစ် ဒီဇိုင်းပုံစံများ ရေးဆွဲခြင်းနှင့် ယာယီတံတား တည်ဆောက်ထားရှိမှု အခြေအနေများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
လက်ရှိတွင် ဒေသခံများ သွားလာရေး အဆင်ပြေစေရန် ယာယီတံတားဖြင့် ထိန်းသိမ်းဆောင်ရွက်ထားပြီး ဒေသထွက် စိုက်ပျိုးရေးထုတ်ကုန်များနှင့် ကလော-ဟဲဟိုး ဒေသတွင်း ဟင်းသီးဟင်းရွက် အခြောက်ခံစက်ရုံများမှ ကုန်စည်စီးဆင်းမှု ပုံမှန်လည်ပတ်နိုင်ရေးအတွက် အမြဲတမ်းတံတားသစ်ကို အမြန်ဆုံး အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ဟဲဟိုးမြို့ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေး သိပ္ပံကျောင်းသို့လည်း သွားရောက်၍ ကျောင်း၏ သင်ကြားရေးဆိုင်ရာ လိုအပ်ချက်များ၊ ဒေသတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် လေ့ကျင့်ပျိုးထောင်ပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
